စစ်တပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ ဝိုင်းမော်မြို့နယ်မှာ လက်နက်ကြီးထိမှန်ပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတဲ့အပြင် ဒေသခံပြည်သူ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့မှာ လယ်လုပ်နေတဲ့ အဘိုးအဖွားနှစ်ဦးဆီသွားတွေ့ ခဲ့ပြီး ပြန်လာခဲ့တဲ့ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အဒေါ် ဖြစ်သူနှစ်ဦး အပြန်လမ်းမှာ မုတ်ကြိတ်နဲ့ နန့်ဝါ ကားလမ်းနဘေး ခေတ္တနားရပ် နေရင်း လက်နက်ကြီးကျမှန်ပေါက်မှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာ ၈ နှစ်အရွယ်ကလေးငယ်အသက်သေဆုံးခဲ့ရပြီး အဒေါ်ဖြစ်သူ နှစ်ဦးက ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဖြစ်စဉ်ကိုသိတဲ့ ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“အဘိုးနဲ့ အဖွားက လယ်တောမှာနေကြတယ်။ သူတို့ အဒေါ် ၃ ယောက်က မတွေ့ကြတာလည်း ကြာပြီဆိုတော့ သွားတွေ့ကြတဲ့ အပြန်လမ်းမှာ ဖြစ်သွားတာဟုတ်တယ်။ ပြန်လာတော့ မုတ်ကြိတ် ၊ နမ့်ဝါ ကားလမ်းဘေးမှာ ပင်ပန်းလို့ ခဏဘဲ ရပ်လိုက်သေးတယ် လက်နက်ကြီးတစ်လုံးကျပြီး ထိသွားကြတဲ့သဘောဖြစ်တယ်”လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ ၈ နှစ်ရွယ်ကလေးငယ်က ဝမ်းဗိုက်ထဲ လက်နက်ကြီးကျဉ်စ ဝင်ပေါက်သွားတဲ့အတွက် ဆေးကုသဖို့သွားနေစဉ် လမ်းမှာတင် အသက်သေဆုံးသွားတယ်လို့ သိရပါတယ်။
ကလေးငယ်ရဲ့ အဒေါ် ဖြစ်ကြတဲ့ အသက် ၂၅ နှစ်အရွယ် ဒေါ်ဇေညွယ်ဆိုသူက တင်ပါးမှာ ထိမှန်သွားပြီး အသက် ၁၅ နှစ်အရွယ် ဒေါ်ဇေယန်းဆိုသူ ခြေထောက်၊ ပေါင်သားနေရာတွေမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မနေ့က တစ်ရက်ထဲမှာပဲ ဝိုင်းမော်မြို့နယ် နန့်ဝါနဲ့ မုတ်ကြိတ်ထဲမှာ လက်နက်ကြီးကျမှန် ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်ကြောင့် နောက်ထပ် ဒေသခံ အမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်နက်ကြီးကြောင့် နန့်ဝါဒေသခံ တစ်ဦးဖြစ်တဲ့ အသက် ၅၄ နှစ်အရွယ်ရှိသူ ဦးဆယော်လွမ့်ခေါင် နဲ့ အသက် ၃၆ နှစ်အရွယ် မုတ်ကြိတ်ဒေသခံ ဦး လဂျမ်တိန့်ဘောမ့်တို့ဖြစ်ပါတယ်။
အခုလို တစ်ရက်ထဲ အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦး၊ ကလေးငယ်တစ်ဦးသေဆုံးသွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝိုင်မော်ဒေသခံ တစ်ဦးဖြစ်တဲ့ ဝါးရှောင်ဆရာတော်ကလည်း“မနေ့က ၃၁ ရက် တနင်္ဂနွေနေ့ ၁၁ ၊ ၁၂ နာရီကြား လေယာဉ်နဲ့ ဗုံးလာကြဲချိန်မှာ လမ်းသွားလမ်းလာပြည်သူ ၅ ယောက် ဗုံးစထိမှန်သွားကြတယ်၊ ကလေးမလေး တစ်ယောက်က ဘောင်းဘီအဝါဝတ်ထားတာ ဘုန်းဘုန်းကျောင်းက ကလေးလား မသိဘူး ပြောလာကြလို့ လိုက်လံစုံစမ်းကြည့်တော့မိမိကျောင်းသား မဟုတ်ဘဲ စစ်ရှောင်စခန်းမှာစစ်ရှောင်နေတဲ့ ရှယ်ဆွယ်မခေါင်နော ၆/၇ နှစ် အရွယ်ရှိ ကလေးမလေးတဲ့၊ အိမ်ရှိတဲ့ရွာဆီ ခဏပြန်လာတုန်း ဗုံးဒဏ်သင့်ကာ အသက်ပါ ဆုံးပါးသွားရရှာတာပါ”လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်းအတွင်း ထိုးစစ်ဆင်တိုက်ပွဲမှာ စစ်ကြောင်းထိုးတက်လို့မရတဲ့အပြင် ထိခိုက်သေဆုံးမှု များနေတာကြောင့် ဝိုင်းမော် ခလရ ၅၈ တပ်ရင်း၊ မြောက်ပိုင်းစစ်ဌာနချုပ် (မပခ)၊ လယ်ကုန်း နဲ့ ကြက်ပေါင်ခြံ ဘက်ကနေ နေ့ ည အဆက်မပြတ် လက်နက်ကြီးပစ်ခတ်နေတာဖြစ်ပါတယ်။
ယခု ကလေးငယ်သေဆုံးတဲ့ ဖြစ်စဉ်မှာလည်း ပြည်သူတွေ ဈေးသွားလာနေတဲ့ နေ့ခင်းအချိန် မနေ့က တစ်ရက်လုံး လက်နက်ကြီး ပစ်ခတ်နေတာကြောင့် သေဆုံးမှုဖြစ်ခဲ့ရတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
“ဒီရက်ပိုင်းမှာ စစ်ကြောင်းထိုးတော့ မထိုးနိုင်ဘူးဖြစ်နေတယ်။ ထိုးလို့မရလို့ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများတယ်။ ဒါကြောင့် မကျေနပ်လို့ မြစ်ကြီးနားကနေ ပစ်တယ်။ နောက် ၅၈ တပ်ရင်းကနေလည်း အချန်မရွေးပစ်နေတယ်။ ပြီးရင် လေကြောင်းနဲ့ လာပစ်တာတွေရှိတယ်။ ဒါကြောင့်လည်း အခုလို အရပ်သားပြည်သူတွေ အကြောင်းမဲ့ သေဆုံးနေရတာဖြစ်တယ်”လို့ ပြောပါတယ်။
ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၆၊ ၂၇ ဝန်းကျင်လောက်ကနေ စစ်ကောင်စီတပ်တွေ လမြန်ကျေးရွာအထိ စစ်ကြောင်းထိုးတက်လာတာကြောင့် တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
တင့်ကားပါဝင်ပြီး စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကြောင်းတွေနဲ့ KIA ပူးပေါင်းတပ်တွေ ၃ ရက်ခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဩဂုတ်လ ၂၉ ရက်နေ့မှာ စစ်ရှုံးတဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်း ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရှိနေတဲ့ နေရာတွေကို မှန်းဆပြီး ပစ်ခတ်နေသလို အရပ်သားပြည်သူတွေ ရှိတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာဖြစ်ပါတယ်။







