မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဝှက်ထားသော လက်နက်ခဲယမ်းများကို ဒေသခံများ မကြာခဏ ရှာဖွေတွေ့ရှိ

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဝှက်ထားသော လက်နက်ခဲယမ်းများကို ဒေသခံများ မကြာခဏ ရှာဖွေတွေ့ရှိ
Photo - CDF
Photo - CDF

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြေဖို့ ဝှက်ထားခဲ့သော သေနတ်နှင့် လက်နက်ခဲယမ်းများကို ဒေသခံများက မကြာခဏ ရှာဖွေတွေ့ရှိနေပြီး လာရောက်အပ်နှံနေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်က ထုတ်ပြန်သည်။

ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေဖို့ ဝှက်ထားသော သေနတ် ၁၀ လက်နှင့် လက်နက်ခဲယမ်းများကို ဩဂုတ်လအတွင်း ဒေသခံပြည်သူများက CDF – မင်းတပ် စစ်ဦးစီးချုပ်ရုံးကို လာရောက် အပ်နှံထားသည်။

“ဆုကြေးဘယ်လောက် ချီးမြင့်တယ်ဆိုတာထက် ထိုက်သင့်သလိုပဲ ပြောလိုပါတယ်။ လာအပ်နှံကြတာကတော့ လိုင်းပေါ်တင်တဲ့နေ့တွေပါပဲ။ လွန်ခဲ့တဲ့ ရက်တွေကပေါ့နော်။ ဘယ်လိုရှာတွေ့ကြသလဲဆိုတော့ ခလရ ၂၇၄ ကို ကျနော်တို့ ဝင်စီးနင်းတဲ့အချိန်မှာ သူတို့ (စကစ) က ဆုတ်ခွာ ထွက်ပြေးတယ်ပေါ့လေ။ စခန်းဆုတ်ခွာ ထွက်ပြေးတုန်းက လမ်းကြောင်းပေါ်မှာ တောင်ယာသွားရင်၊ အမဲလိုက်ရင်းနဲ့ တွေ့ကြတာပါ” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၉ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေဖို့ ဝှက်ထားခဲ့သော MA 1 သေနတ် ၃ လက်၊ ၄၀ မမ ဗုံးသီး ၆ လုံးနှင့် အခြားလက်နက်ဆက်စပ်ပစ္စည်းများကို တာဝန်သိပြည်သူ ၂ ဦးက စစ်ဦးစီးချုပ်ရုံးတွင် လာရောက်အပ်နှံသည်ဟု ထုတ်ပြန်သည်။

ဩဂုတ်လ ၂၄ ရက်ကလည်း မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ကစဉ့်ကလျားထွက်ပြေးသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝှက်ထားခဲ့သော MA4 ၁ လက်၊ MA3 ၁ လက်၊ MA 1 ၁ လက်နှင့် ၄၀ မမ ဗုံးသီး ၅ လုံးနှင့် အခြားလက်နက်ဆက်စပ်ပစ္စည်းများကို တာဝန်သိပြည်သူ ၆ ဦးက စစ်ဦးစီးချုပ်ရုံးတွင် လာရောက်အပ်နှံသည်ဟု CDF - မင်းတပ်ထံမှ သိရသည်။

ဩဂုတ်လ ၂၂ ရက်ကလည်း စစ်ကောင်စီတပ် မြေဖို့ဝှက်ထားခဲ့သော MA 15 (စက်လတ်) ၁ လက်၊ RPG 7 ၁ လက်၊ MA 4 ၁ လက်၊ MA 3 ၁ လက်နှင့် ဆက်စပ်ပစ္စည်းများကို တာဝန်သိပြည်သူ ၃ ဦးက လာရောက် အပ်နှံသည်ဟု သိရသည်။

မင်းတပ်မြို့နယ်ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိသော လက်နက်ခဲယမ်းဖြစ်စေ၊ အခြားတစ် နည်းနည်းဖြင့် ရရှိသော လက်နက်ခဲယမ်းဖြစ်စေ၊ တိုက်ခိုက်ရေး မောင်းပြန်ရိုင်ဖယ်နှင့် အခြား လက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များထံသို့ အပ်နှံပြီး ဆုကြေး ထုတ်ယူကြရန် ဖေဖော်ဝါရီလ ၂၅ ရက်က ကြေညာထားသည်။

လက်နက်ခဲယမ်းများကို ကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူခြင်း ခံရမည်ဟု အသိပေးထားသည်။

ချင်းညီနောင်အဖွဲ့ဝင် CDF မင်းတပ်သည် မင်းတပ်မြို့နယ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

July 9, 2026
စစ်ရေးပဋိပက္ခကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ တိမ်းရှောင်လာကြသည့် ခမ်းပတ်နှင့်...
July 8, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်အတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF - ဟားခါး) ၏ တပ်စခန်းတစ်ခုကို...
July 7, 2026
ချင်းပြည်မြောက်ပိုင်း၊ တွန်းဇံမြို့ပေါ်နှင့် တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများမှ...
July 6, 2026
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ချဲရက်စ် (တာမန်မာလူးရီး) ရှိ ညဈေးတန်းကို မလေးရှား အာဏာပိုင်...