ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၏ လုံခြုံရေး အခြေအနေအရ ကုန်သွယ်ရေးလမ်းများ ခေတ္တပိတ်ထားခဲ့ရာ ယနေ့ သြဂုတ်လ ၂၈ ရက်နေ့မှ စတင်၍ ကုန်သွယ်ရေး လမ်းကြောင်းများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ပေးမည်ဟု MRO/ CDF - မတူပီက ထုတ်ပြန်သည်။
“အများပြည်သူ အသုံးပြုနေတဲ့လမ်းက ပုံမှန်အခြေအနေမှာဆို အမြဲတမ်းဖွင့်ထားပါတယ်။ အရေးပေါ်အခြေအနေ ကြောင့် ခေတ္တပိတ်ပင်ထားပေမယ့် အခုက ပုံမှန် ပြန်လည်ပတ်တဲ့သဘောပါ။ မတူပီမြို့နယ်ထဲက ကုန်ကူးတဲ့ လမ်းတွေအားလုံးကိုလည်း ဖွင့်လှစ်ပေးမှာပါ” ဟု MRO/ CDF - မတူပီ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုတ်က ပြောသည်။
ဩဂုတ်လ ၆ ရက်မှစတင်၍ မတူပီမြို့နယ်၏ လုံခြုံရေးအခြေအနေအရ ကုန်သွယ်ရေးလမ်းများ ခေတ္တ ပိတ်ထား ခဲ့ရသည်ဟု မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီထံမှ သိရသည်။
ဩဂုတ်လ ၂၈ ရက်မှ စတင်ပြီး ပိတ်ပင်ထားသော ကုန်သွယ်ရေးလမ်းကြောင်းများကို MRO/ ကုန်သွယ်ရေးဌာနက သတ်မှတ်စည်းကမ်းချက်တချို့ဖြင့် ပြန်လည် ဖွင့်လှစ်တော့မည်ဟု အသိပေး ထုတ်ပြန်လိုက်သည်။
ကုန်သွယ်ရေး စည်းကမ်းသတ်မှတ်ချက်များမှာ ရောင်းရန် ကုန်စည်များအားလုံး ကုန်စည်ခွန် ပေးဆောင်ရမည်ဖြစ်ပြီး မိုးရာသီ ကားလမ်းအခြေအနေအရ အိမ်စီးကားနှင့် ကားလေး (ယာဉ်သေး)များသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု သိရသည်။
Forland နှင့်အထက် ယာဉ်ကြီးများအပါအဝင် ကားကြီးများ ဝင်/ ထွက်သွားလာခြင်း ခွင့်မပြုသေးကြောင်း၊ မတူပီဒေသအတွင်း ရောင်းချမည့် ကုန်များကိုသာ ယာဉ်ကြီး (Forland) များဖြင့် သယ်ဆောင်နိုင်သည်ဟု သတ်မှတ်ထားသည်။
MRO/ ကုန်သွယ်ရေးဌာနက ထုတ်ပြန်ပြီးဖြစ်သော ကုန်သွယ်ရေး စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်ပါက အရေးယူခြင်း ခံရမည်ဟု MRO/ CDF – မတူပီက ထုတ်ပြန်သည်။
ဇူလိုင်လကလည်း MRO/ CDF - မတူပီနှင့် ကျေးရွာလူထု ပူးပေါင်း၍ မိုးတွင်းကာလ မြောင်းရေတိုက်စားမှုကြောင့် ပျက်စီးနေသော မတူပီ- လိုင်လင်းပီ- မီဇိုရမ် လမ်းပိုင်းကို ပြန်လည်ပြုပြင်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျချောင်းရေးကြီးခြင်း၊ လမ်းပြိုခြင်းတို့ကြောင့် ပျက်စီးနေသော မတူပီ - မင်းတပ်လမ်းပိုင်းကို ဇူလိုင်လအတွင်းမှာပင် ပြင်ဆင်ခဲ့ရကြောင်း သိရသည်။
လမ်းများပျက်စီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားခဲ့သော မတူပီ - ဆမီလမ်းကိုလည်း ဇူလိုင်လဆန်းပိုင်းက MRO/ CDF - မတူပီက ပြန်လည်း ပြုပြင်ခဲ့ရပြီး ယာဉ်ငယ်များကိုသာ ဖြတ်သန်းသွားလာခွင့် ပြုထားကြောင်းသိရသည်။
ချင်းညီနောင်အဖွဲ့ဝင် MRO/ CDF - မတူပီသည် မတူပီမြို့ပေါ်အပါအဝင် မတူပီမြို့နယ် ဧရိယာအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် အုပ်ချုပ်ရေးယန္တရားများ လည်ပတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချင်း- မကွေးနယ်စပ်တွင် စစ်ကော်မရှင်တပ်များ၏ စစ်ရေးပြင်ဆင်နေမှုများကြောင့် ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်- မကွေးတိုင်းဘက်ကို ဆက်သွယ်ထားသော လမ်းပိုင်းများအားလုံးကို ဩဂုတ်လ ၂၀ ရက်မှစတင်၍ ယာယီပိတ်ထားကြောင်း CDF - ကန်ပက်လက်က ကြေညာထားသည်။







