မိုးညှင်းမြို့နယ် နန့်စော်လော်ဒေသခံများကို ကျေးရွာထဲကနေရှောင်ရှားထားဖို့ KPDF သတိပေးထား

မိုးညှင်းမြို့နယ် နန့်စော်လော်ဒေသခံများကို ကျေးရွာထဲကနေရှောင်ရှားထားဖို့ KPDF သတိပေးထား

မိုးညှင်းမြို့နယ်၊ နန့်စော်လော်ကျေးရွာအတွင်းမှာ တိုက်ပွဲဖြစ်လာနိုင်တာကြောင့် ရွာသူ/သားများကို ရှောင်ရှားထားကြဖို့ ပူးပေါင်းတပ်ဖွဲ့ KIA+ PDF များက ပြီးခဲ့တဲ့ သြဂုတ် (၂၄) ရက်နေ့က သတိပေးထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

“နန့်စော်လော်ထဲမှာ အခုရက်ပိုင်း ဗမာစစ်တပ်တွေ သွားထိုင်ထားတယ်။ ယာယီစခန်းထင်တယ်။ ဒါကြောင့် KPDF တပ်ဖွဲ့တွေက တိုက်ထုတ်ဖို့ ရှိတယ်ပေါ့။ တိုက်တဲ့အခါ လက်နက်ကြီးပစ်တာတွေရှိနိုင်လို့ ရွာသူ ရွာသားတွေကို ထိမှာစိုးလို့ ရှောင်ထားကြပါဆိုပြီး သတိပေးထားတယ်လေ” ဟု နန့်စော်လော်ကျေးရွာအနီးရှိ နန်းမားကျေးရွာ ဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။

မကြာသေးမီ သီတင်းပတ်က နန့်စော်လော်ကျေးရွာအနီးကို နန်းမားရဲစခန်း တာဝန်ရှိ ရဲတပ်သား(၂)ဦး ကင်းလှည့်လာချိန် ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၎င်းတို့ စီးနင်းလာတဲ့ ကားမီးလောင်ပြီး ရဲသားနှစ်ဦးစလုံး သေဆုံးခဲ့ပါတယ်။

ဒီဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဗမာစစ်တပ်များက ကျေးရွာအတွင်းမှာ ယာယီလှုပ်ရှားတပ် လာရောက် အထိုင်ချ ထားတာကြောင့်  KPDF တပ်ဖွဲ့များက တိုက်ထုတ်ဖို့ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

“အကုန်လုံး ထွက်၊ မထွက်တော့မသိဘူး။ တစ်ချို့တွေလည်း နန်းမားရွာမှာရှိတဲ့ အမျိုးတွေအိမ်မှာ ပစ္စည်းတွေ လာအပ်ထားကြတယ် ပြောတယ်။ လူတော့ မထွက်ဘဲနဲ့ ပစ္စည်းပဲ ရွှေ့ထားကြတာပေါ့ တကယ်လို့ တိုက်ပွဲဖြစ်လာရင် ပစ္စည်းတွေ ပျက်စီးမှာ စိုးလို့တဲ့” ဟု ဒေသခံအချို့လည်း ရှောင်တိမ်းထားမှုတွေရှိသလို အနီးအနားကျေးရွာတွေထံ လာရောက်ပစ္စည်းအပ်နှံထားမှုတွေ ရှိကြောင်း ဒေသခံများကဆိုကြပါတယ်။ 

ယနေ့အထိ အဆိုပါကျေးရွာအတွင်းမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်း ရှိ၊ မရှိကို တိတိကျကျ မသိရှိရသေးဘဲ၊ ယမန်နေ့ ညပိုင်းမှာ လက်နက်ကြီး ပစ်ခတ်မှုအသံများကိုတော့ မိုးညှင်းမြို့ကနေ ကြားနေရကြောင်း မြို့ပေါ်နေထိုင်သူများက ပြောပြပါတယ်။

မိုးညှင်း-ဟိုပင်သွား လမ်းတစ်လျှောက်အနီးရှိ လက်ပံတန်း၊ ဘုရားကွင်း၊ နန်းမား၊ တောင်အင်း၊ နန့်စော်လော်စတဲ့ ကျေးရွာ အနောက်ဘက် တောစပ်တွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ရဲ့ တပ်မဟာ(၈) လက်အောက်ခံ တပ်ရင်း(၅)နဲ့ တပ်ရင်း(၃၅)တို့ လှုပ်ရှားရာနေရာများလည်း ဖြစ်ပါတယ်။

နန့်စော်လော်ကျေးရွာမှာ ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး လက်နက်ကြီးပစ်ခတ်မှုတွေရှိသောကြောင့် ကျေးရွာနေ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရခြင်းနှင့် လူနေအိမ်ထိခိုက်မှုတွေလည်း ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

နန့်စော်လော်ကျေးရွာက အိမ်ခြေ(၂၀၀)ကျော်ခန့်ရှိပြီး လူဦးရေ (၂)ထောင်ဝန်းကျင်ထိုင်ကြတဲ့ ကျေးရွာတစ်ခုလည်း ဖြစ်ပါတယ်။

March 6, 2026
မိုဘိုင်းဖုန်းတွေကို CEIR ( Central Equipment Identity Register ) လို့ခေါ်တဲ့...
March 5, 2026
မိုးညှင်းမြို့နယ် ဟိုပင်မြို့၊ မြသာယာရပ်ကွက်မှာ မနေ့ကညပိုင်းအချိန်က ဓားပြတိုက်ခံရပြီး မိသားစု(၅)...
March 4, 2026
အကြမ်းဖက်မှုပုဒ်မတွေနဲ့ လွှတ်ပေးသူ ၇ ထောင်ကျော်အနက် ၂၀၀ ကျော်ခန့်သာစာရင်းရရှိသေးလို့...
March 2, 2026
စစ်ကော်မရှင်အနေနဲ့ ပြည်သူ့စစ်မှုထမ်းတွေကိုခေါ်ဆောင်ရာမှာ ငွေကြေးလာဘ်စားတာတွေ မရှိအောင်...