နောင်ချို နေရပ်ပြန်စစ်ရှောင်များကို အိမ်ထောင်စုစာရင်းစစ်ဆေးပြီး စစ်မှုထမ်းအတွက် ဖမ်းဆီးနေ

နောင်ချို နေရပ်ပြန်စစ်ရှောင်များကို အိမ်ထောင်စုစာရင်းစစ်ဆေးပြီး စစ်မှုထမ်းအတွက် ဖမ်းဆီးနေ
Photo - Telegram
Photo - Telegram

သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်ပြန်စစ်ဘေးရှောင်များ၏ နေအိမ်များကို စစ်ကော်မရှင်တပ်က ညအချိန်မတော် သန်းခေါင်စာရင်း စစ်ဆေးကာ လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လ တတိယပတ်မှ စတင်ပြီး စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် တောင်ဘက်ခြမ်းရှိ ကံကြီး၊ ဉာဏ်တော်၊ နောင်တော၊ ရွှေမုဋ္ဌော၊ အင်းဖို၊ မဲပုတ်နှင့် တောင်ရှည်ကျေးရွာ အုပ်စုများတွင် နေရပ်ပြန်စစ်ဘေးရှောင်များကို စစ်ကော်မရှင်တပ်သားများက ညအချိန်မတော် နေအိမ်ထဲ ဝင်ရောက်ကာ သန်းခေါင်စာရင်း စစ်ဆေးပြီး လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“ကံကြီးကနေ တောင်းခမ်းဘက်အထိ အိမ်ပြန်နေတဲ့လူတွေကို စစ်တပ်က တစ်အိမ်ဝင် တစ်အိမ်ထွက် အိမ်ထောင်စုစာရင်း စစ်တယ်။ ပြီးတော့ အိမ်မှာ PDF ထဲ ဝင်တဲ့လူရှိလား၊ ဓနုတပ်ထဲ ဝင်တဲ့လူရှိလားလို့ မေးပြီး လူမစုံရင် အစ်ကိုတွေ ညီတွေကို ဖမ်းခေါ်သွားတာ။ တချို့လည်း ပိုက်ဆံနဲ့ လိုက်ရွေးနိုင်တဲ့လူဆိုရင်တော့ ပြန်လွတ်လာတယ်၊ အခုတစ်ခါနဲ့ဆို ဖမ်းခေါ်သွားတာ ၂ ခေါက်ရှိပြီ” ဟု နောင်ချိုမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇူလိုင်လ (၁၆) ရက်တွင် နောင်ချိုမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲမှ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကံကြီး-တောင်းခမ်းဘက်ရှိ ကျေးရွာများသို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်အချို့ကို TNLA ၊ DPLA နှင့် PDF ထောက်ခံသူများဟု စွပ်စွဲကာ လူငယ်အမျိုးသား (၃၀) ကျော်ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင် နေရပ်ပြန် စစ်ဘေးရှောင်များ ဖမ်းဆီးစစ်ဆေးခံရသည့် ကျေးရွာများမှာ နောင်ချိုမြို့တောင်ဘက်ရှိ ဓနုလူမျိုး အများဆုံးနေထိုင်သည့် နောင်ချိုလေး၊ မဲပုတ်၊ နောင်လင်၊ နောင်ဩ၊ ဉာဏ်တော၊ ရွှေသွန်းနှင့် ရွှေပြည်ညွန့်ကျေးရွာများ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် နောင်ချို-မိုးကုတ်လမ်းပိုင်းမှတဆင့် TNLA ပူးပေါင်းတပ်ကို မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဩဂုတ်လ ၂၄ ရက်တွင် ရတနာသိင်္ဂီသတ္တုတွင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြသည်။

အလားတူ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့သို့ မြေပြင်ထိုးစစ် ချီတက်နိုင်ရန် ဂုတ်ထိပ်တဖက်ကမ်းရှိ နောင်ပိန်တိုက်နယ်ထဲတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းဗုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...