မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဖိအားပေးတိုက်ခိုက်နေ

မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ဖိအားပေးတိုက်ခိုက်နေ
Photo - ဒေသခံ
Photo - ဒေသခံ

လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲမတိုင်မီ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးဆက်တိုက်ကြဲကာ ဖိအားပေးနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ (သြဂုတ် ၂၅ ရက်) ည ၁၁ နာရီဝန်းကျင်တွင် မိုးကုတ်မြို့အရှေ့ပိုင်း စည်ပင်သာရပ်ကွက်ရှိ ဂေါ်ရခါးဘုရားကျောင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးထပ်မံကြဲချခဲ့သဖြင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိုးကုတ်မြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်ထဲကို ကြဲတာ၊ လူထိခိုက်ဒဏ်ရာတော့ သေချာမသိရသေးဘူး။ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကြားတယ်” ဟု မိုးကုတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းက TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ယခုနှစ် ဇူလိုင်လမှစ၍ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။

TNLA က တစ်နှစ်ကြာ သိမ်းပိုက်ထားသော နောင်ချိုမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းပစ်ကူ၊ မြေပြင် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ပြီးနောက် ဇူလိုင် ၁၅ ရက်နေ့တွင် ယင်းမြို့ကို ပြန်လည်ထိန်းချုပ် ထားနိုင်ခြင်း ဖြစ်သည်။

ယခုအခါ သျှမ်းပြည်နှင့် မန္တလေးနယ်စပ်ဒေသရှိ မိုးကုတ်မြို့ကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကော်မရှင်တပ်က အလားတူ လုပ်ဆောင်လာနေခြင်း ဖြစ်ကြောင်း နောင်ချိုမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“နောက်ချိုကို သိမ်းပြီးသွားပြီဆိုတော့ မိုးကုတ်မြို့ကို ပြန်ရဖို့ ကြိုးစားနေတာ။ ရွေးကောက်ပွဲမတိုင်ခင် ထိုးစစ်အရှိန် မြင့်နေတာ။ ဒါပေမယ့် မိုးကုတ်က သိမ်းဖို့မလွယ်လောက်ဘူး” ဟု စစ်ရေးသတင်းရင်း မြစ်တစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုလအတွင်းမှာ သာမဏေ (၂) ပါး၊ ကလေးငယ် (၄) ဦး၊ အမျိုးသား (၁၈) ဦး နှင့် အမျိုးသမီး (၁၇) ဦး စုစုပေါင်း ၄၁ ဦးသေဆုံးပြီး ၂၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ယနေ့ သြဂုတ် ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ (ERO) နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ် စိုးမိုးထားသော မြို့နယ်များတွင် မြို့ပေါ်နေရာ အနည်းငယ်ကို သိမ်းပိုက်ရရှိသည်ဖြစ်စေ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် မြို့နယ်အရေအတွက် ကိန်းဂဏန်းတိုးမြှင့်နိုင်သမျှ တိုးမြင့်နိုင်ရေး ကြိုးပမ်းကြရန် သြဂုတ် ၁၂ ရက် အစည်းအဝေးတွင် စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က ညွှန်ကြားထားသည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) အတွက် သျှမ်းပြည်တွင် ပင်းတယ၊ ဟိုပုံး၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ နမ့်စန်၊ မူဆယ်၊ မိုင်းဆတ်၊ လားရှိုး၊ လင်းခေးနှင့် လွိုင်လင်မြို့နယ်မှာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...