အိန္ဒိယ-ရခိုင်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားမှုကြောင့် ကုန်သည် ရာနှင့်ချီ ပိတ်မိနေ

အိန္ဒိယ-ရခိုင်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားမှုကြောင့် ကုန်သည် ရာနှင့်ချီ ပိတ်မိနေ
 photo credit - လိုင်ရမ်းတိုင်းမ်
photo credit - လိုင်ရမ်းတိုင်းမ်

အိန္ဒိယနှင့် ရခိုင်ပြည်သို့ အဓိက ကုန်သွယ်နေကြသည့် နယ်စပ်လမ်းကြောင်းကို အိန္ဒိယနိုင်ငံအခြမ်းက ပိတ်ပင်ထားမှုကြောင့် ကုန်သည်ရာနှင့်ချီ ပိတ်မိနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင် လောင်းပုတ်-ဆိုင်းဟလမ်းပိုင်းကို ဩဂုတ်လ ၁၉ ရက်တည်းက လာကီဂိတ်မှ တစ်ဆင့် အန္ဒိယနိုင်ငံသို့ ဝင်ခွင့်ကို လုံးဝဖြတ်သန်းခွင့်မရှိအောင် အာသံရိုင်ဖယ်တပ်က အချိန် တစ်ပတ်ပိတ်ထားခြင်းဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောသည်။

“သူတို့က တစ်ပတ်လို့တော့ ပြောတယ်။ ဘယ်နေ့ပြန်ဖွင့်မယ်လို့ အတိအကျမပြောဘူး။ အိန္ဒိယဖက်ကနေ ရခိုင်ကို ဆင်းရင်တော့ ရတယ်။ အိန္ဒိယဖက် တက်ရင်တော့ မြန်မာနိုင်ငံသားဆိုရင် လုံးဝခွင့်မပြုဘူး။ ပြန်လှည့် ခိုင်းတယ်။ ကုန်သည်ရာနဲ့ချီပြီး ပိတ်မိနေကြတယ်” ဟု ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

အချိန်တစ်ပတ်ဟုဆိုသော်လည်း အခြေအနေကို ဆက်ကြည့်ရမည်ဖြစ်ပြီး မည်သည့်အကြောင်းပြချက်နှင့် လမ်းပိတ်ထားခြင်းကို တိကျစွာ မသိရကြောင်း အဆိုပါကုန်သည်က ဆိုသည်။

လမ်းပိတ်ထားမှုကြောင့် ကုန်ပစ္စည်းတင်သွင်းရန် အိန္ဒိယဖက်သို့ သွားသည့် ကုန်သည်များမှာ အခက်တွေ့နေကြရခြင်းဖြစ်သည်။

ယင်းအပြင် ယခုကဲ့သို့ လမ်းပိတ်ထားမှုကြောင့် နောက်ဆက်တွဲအနေဖြင့် AA ထိန်းချုပ်နယ်မြေများအတွင်း ကုန်ဈေးနှုန်းမြင့်တက်မှု ပိုဖြစ်လာနိုင်ကြောင်း ကုန်သည်တစ်ဦးက ပြောသည်။

“အခုလို လမ်းပိတ်ထားတယ်ဆိုရင် ကုန်စည်အဝင်ပြတ်ပြီး အရင်ရှိထားတဲ့ လှောင်ထားတဲ့ ကုန်စည်တွေ ဈေးမြင့်သွားမယ့် အနေအထားမှာ ရှိတယ်။ တချို့ကုန်သည်တွေမှာ ကုန်စည်တွေကို ရတဲ့ဈေးနဲ့ ယူပြီး လှောင်ထားတာတွေ ရှိကြတယ်။ ဒါတွေ ဈေးပိုမြင့်လာမယ့် အနေအထားရှိတယ်” ဟု ကုန်သည်နောက်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ရခိုင်ပြည်ကို ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားခြင်းကြောင့် ရခိုင်ပြည်သူများ လိုအပ်သည့် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီများကို မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ကနေ ပလက်ဝ နယ်စပ်လမ်းကြောင်းအတိုင်း အဓိက တင်းသွင်နေရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) က ရခိုင်ဖက်ကို ကုန်စည်တင်သွင်းမှုများကို အကြိမ်ကြိမ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး အာရက္ခတပ်တော် ဖက်က မီဇိုရမ်ပြည်နယ်အစိုးရနှင့် တိုက်ရိုက်ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ရသည်။

ယခင်က ရခိုင်ပြည်သို့ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပန်းတောင်း-တောင်ကုတ်-ကျောက်ဖြူလမ်းနှင့် ဧရာဝတီ-ငသိုင်းချောင်း-ဂွ လမ်းများနေ အခြေခံစားသောက်ကုန်၊ အဝတ်အထည်စသည့် လိုသမျှပစ္စည်းများကို ရန်ကုန်၊ မန္တလေး ပြည်မကနေတင် သွင်းခဲ့ပြီး အိမ်ဆောက်ပစ္စည်းနှင့် အခြား စက်ပစ္စည်းများကို ပင်လယ် လမ်းကြောင်းကနေ ကုန်သင်္ဘောကြီးများဖြင့် ရခိုင်ပြည် စစ်တွေမြို့က တစ်ဖြန့်ဝေနေခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင်သို့ ပုံမှန်ကုန်သွယ်ရေးလမ်း ပိတ်ဆို့ခံထားရသဖြင့် အဓိက လိုအပ်နေသည့် အခြေခံ ကုန်ပစ္စည်းများ ဒေသတွင်းသို့ အလွယ်တကူ မရောက်နိုင်သဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ပြည်သူများ အလူးအလဲ ခံစားနေကြရသည်။

Most read this week

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...