ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်တပ်က လူငယ်များ ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်နေပြီး တစ်ပတ်အတွင်း လူငယ် အယောက် ၅၀ ဝန်းကျင် ဖမ်းဆီးခံရကြောင်း သိရသည်။
စစ်တပ်ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည့် ဟားခါးမြို့ပေါ်တွင် ဩဂုတ်လဆန်းပိုင်းကစ၍ မြို့ပေါ်က လူငယ်များကို စစ်တပ်က ပစ်မှတ်ထား ဖမ်းဆီးမှုများ ပြုလုပ်လာနေပြီး အစုလိုက်ဖမ်းဆီးမှု အနည်းဆုံး ၂ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။
“အဖမ်းအဆီးက အခုဆိုရင် ဒုတိယအကြိမ်ဖြစ်ပြီ။ ပထမအကြိမ်က အယောက် (၃၀) ကျော်လောက် ပါသွားတာပေါ့ လူငယ်တွေချည်းပဲ။ သူတို့ (စစ်တပ်) တွေက လမ်းမှာ စောင့်ပြီးတော့ ဘုရားကျောင်းအပြန်မှာ အဲ့လိုမျိုးဖမ်းတာ။ ပထမအကြိမ် ဖမ်းတုန်းကသူတွေထဲမှာ တချို့လူတွေက လွတ်တဲ့သူတွေရှိ တယ်။ သူတို့က ကျောင်းတက်နေတဲ့သူတွေပေါ့။ အခုက ဘယ်လိုမှ ညှိလို့မရဘူး။ ရပ်ကွက်လူကြီးတွေရော၊ ဘုရားကျောင်းက အသင်းတော်ကလည်း အဆင်မပြေဘူး။” ဟု ဟားခါးမြို့က ဒေသခံတစ်ဦးက ပြောသည်။
ဟားခါးမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ (၃) ရက် တနင်္ဂနွေနေ့လည်ပိုင်းက HBC ဘုရားကျောင်းမှ ပြန်လာသည့် လူငယ် များနှင့် ဟားခါး- ဂန့်ဂေါ လမ်းမရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသည့် လူငယ် (၄၀) ဦးခန့်ကို စစ်တပ်က ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူများအနက် ကျောင်းသား (၇) ဦးနှင့် ဆေးရုံဆင်းလာခါစ လူငယ် (၁) ဦးတို့ကို ပြန်လည်လွတ်ပေးခဲ့သော်လည်း ကျန် (၃၀) ကျော်ကိုမူ ယနေ့ချိန်ထိ ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားဆဲဟု သိရသည်။
အလားတူ ဩဂုတ်လ (၁၀) ရက် တနင်္ဂနွေနေ့ကလည်း ဟားခါးမြို့ပေါ်မှာ ဘုရားကျောင်းဆင်းပြီး ပြန်လာတဲ့ လူငယ် ၁၀ ယောက်ဝန်းကျင်ကို ပြည်တော်သာရပ်ကွက်၊ မြို့မဈေးနားမှာ စစ်တပ်က ထပ်မံဖမ်းဆီးခဲ့သည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။
“မိန်းကလေး တွေကိုတော့ မစစ်ဘူး၊ ယောကျ်ားလေးတွေကိုပဲစစ်ပြီးတော့ ဖမ်းတာ။ ဆိုင်ကယ်က အဲ့မှာ ထားခဲ့ရပြီး လူပဲခေါ်သွားတာ ညနေမှ ဆိုင်ကယ်ကို ကားနဲ့ လာသယ်ကြတာ။ ဟိုတခေါက် ဖမ်းတုန်းကလည်း ဘုရားကျောင်း ဆင်း တုန်း ဖမ်းတာ။ အခုက ပါစတာတွေကလည်း သွားတွေ့ ပါတယ်။ ပါစတာတွေလည်း ဘာမှလုပ်လို့မရဘူး ထင်တယ်။ စိတ်ပူနေကြတယ်။” ဟု ဟားခါးမြို့ခံက ပြောသည်။
ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကော်မရှင်၏ ချင်းပြည်အစိုးရအဖွဲ့မှ ဆောက်လုပ်ရေး ပြည်နယ် ဦးစီးမှူးနှင့် နတလ၊ လဝက စစ်အစိုးရဝန်ထမ်းတချို့ကို ဖမ်းဆီးမှု ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် စစ်တပ်ဘက်ကလည်း မြို့ပေါ်က လူငယ်များ ဖမ်းဆီးမှု ဆက်တိုက် ပြုလုပ်လာခြင်း ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၇) ရက်နေ့ကလည်း ဟားခါးမြို့ပေါ် သီတာလမ်းခွဲတွင် ရဲတပ်ဖွဲ့နယ်ထိန်းကားတစ်စီး CDF-Hakha က တိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီးနောက် ဟားခါးမြို့ပေါ်မှာ လုံခြုံရေး ပိုမိုတင်းကြပ်ထားသည်ဟု သိရသည်။
Photo credit - CJ







