“အခုက CSO တွေလည်း များလာပြီဆိုတော့ ပိုပြီး လုပ်ရတဲ့နေရာမှာ လွတ်လပ်မှုရှိလာပြီ״ဟု အန်ထောနီက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများအပေါ် ပြန်လည် သုံးသပ်ခြင်း ၊ နိုင်ငံသား အခွင့်အရေးနှင့် ရပိုင်ခွင့်ကို နားလည်သဘောပေါက်ပြီး နိုင်ငံရေး တည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်နိုင်ရန် အသိပညာပေးခြင်းနှင့် ရွေးကောက်ပွဲ မဲဆန္ဒရှင်များ အသိပညာပေးခြင်းဆိုင်ရာ သင်တန်းများကို ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာရှိ စိန်ပီတာ ရဟန်းဖြစ် သင်တန်းကျောင်းတွင် (Local Development Network-LDN) မှ ဇူလိုင်လ ၁၄ရက်မှ ၁၈ရက်အထိ သင်တန်းပို့ချပေးခဲ့ခြင်းဖြစ်သည်။
ယခင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် ထိုကဲ့သို့သော သင်တန်းများကို ပြုလုပ်ရာ အာဏာပိုင်များက တားဆီးပိတ်ပင်မှုများ ပြုလုပ်ခြင်း ခံခဲ့ကြရသည်။
ထိုသို့ လူငယ်များသင်တန်းပို့ချရာတွင် လူငယ်များက မိမိပတ်ဝန်းကျင်တွင် ပြန်လည်ဝေငှပေးနိုင်ရန် နှင့် မိမိအခွင့်အရေးကို နိုင်ငံရေး တည်ဆောက်သည့် ဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရန် ဖြစ်သည်ဟု (Local Development Network) မှ mornitoring and evaluation officer ဆရာဆိုတေးရိုက ပြောသည်။
“Civil Education မှာ လူငယ်တွေပေးနိုင်ဖို့အတွက် သင်တန်းတက်ပြီး ကိုယ့်ရဲ့ အတွေ့ကြံုတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ ပြန်ပြီး ပြောပြနိုင်ဖို့အတွက် ကိုယ့်ရဲ့ အခွင့်အရေးတွေကို နိုင်ငံရေး တည်ဆောက်တဲ့ ဖြစ်စဉ်မှာ ကိုယ်ကိုယ်တိုင်ပါဝင်နိုင်ဖို့ ဖြစ်တာပေါ့နော်”ဟု ဆရာဆိုတေးရိုက ပြောသည်။
၎င်းသင်တန်းကို လူငယ် ၃၀ ဦး တက်ရောက်ခဲ့ပြီး နိုင်ငံတော်နှင့် အစိုးရ ကွဲပြားမှု ရှိပုံ၊ ရွေးကောက်ပွဲ စနစ်၊ ဒီမိုကရေစီ အခြေခံမူနှင့်တန်ဖိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအမျိုးအစား၊ နိုင်ငံသားအခွင့်အရေးနှင့် ရပိုင်ခွင့်များကို သင်ကြားပို့ချပေးခဲ့သည်။
ဤသင်တန်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ များနှင့် ပတ်သက်ပြီး သိရှိလာခြင်းကြောင့် နိုင်ငံတော်တည်ဆောက်ရာ တွင် တိုက်ရိုက်မပါဝင်နိုင်သော်လည်း တစ်ထောင့် တစ်နေရာမှ ပါဝင်နိုင််မည်ဟု သင်တန်းသူ မော်စဲမြာက ပြောသည်။
သူမက “ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲမှာလည်း ဘယ်လိုမဲပေးရမလဲဆိုတာ သိလာတယ်။ နိုင်ငံတော်တည်ဆောက်တဲ့ခါမှာ တိုက်ရိုက်မပါနိုင်ရင်တောင်မှ တစ်ထောင့်တနေရာကနေ ပါဝင်နိုင်မယ်ပေါ့နော်”ဟု ပြောသည်။
အဆိုပါ သင်တန်းသည် မိမိအခွင့်အရေးနှင့် ရပိုင်ခွင့်များသက်ဆိုင်နေခြင်းကြောင့် မိမိနိုင်ငံ ကျေးရွာတွင် မပြောမဖြစ်ပြောရမည့် အခြေနေဖြစ်ပြီး အရေးကြီးသည့် အကြောင်းအရာတစ်ရပ်လည်း ဖြစ်သည်ဟု ဆရာဆိုတေးရိုက ပြောသည်။
အလားတူ သင်တန်းများကို ဒီးမော့ဆို မြို့နယ်တွင် ဆိုဘောသဲကျေးရွာ၊ ဖရူဆိုမြို့နယ် ထီပေါ်ဆိုကျေးရွာနှင့် လွိုင်ကော်သက္ကသိုလ်တို့တွင် သင်တန်းပို့ချပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။







