သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ထီပေါင်းအုပ်စု၊ လွယ်မောင်းကျေးရွာနှင့် ထီဝါးလီ ကျေးရွာနှစ်ရွာသည် တောင်ကျရေကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရှိရသည်။
ဩဂုတ်လ ၂ ရက် မနက် ၁၀ နာရီကျော်တွင် မိုးအဆက်မပြတ် ရွာသွန်းသောကြောင့် တောင်ကျရေ ရုတ်တရက် ဝင်ရောက်လာသဖြင့် နေအိမ်၊ လမ်းနှင့် စာသင်ကျောင်းများ ထိခိုက် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ နေအိမ်များ လမ်းများ ပျက်စီးသွားသောကြောင့် ထီဝါးလီရွာနှင့် လွယ်မောင်းကျေးရွာနေ ပြည်သူများသည် ၎င်းဒေသနှင့် နှစ်မိုင် ကွာဝေးသည့် ပင်လောင်းမြို့ပေါ်ရှိ ဓမ္မာရုံများသို့ ရွာလုံးကျွတ် ပြောင်းရွှေ့နေကြရကြောင်း ထီပေါင်းကျေးရွာ အုပ်ချုပ်ရေးမှုးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ရုတ်တရက်ကြီး အိမ်ထဲကို ရေတွေ ဝင်လာကုန်တော့ အိမ်တွေလည်း ပျက်၊ လမ်းလည်းပျက်၊ အကုန်လုံး ပြောင်းရွှေ့ရတယ်။ လူတော့ ထိခိုက်မှု မရှိဘူး။ လွယ်မောင်းကျေးရွာက အိမ်တွေ အများဆုံးထိတယ်။ ရွာက စိုးရိမ်ရတဲ့ အခြေအနေရှိသေးလို့ ရွာသားတွေ အကုန်လုံးကို ပင်လောင်းမြို့ထဲမှာ နေရာပေးထားတယ်။”ဟု အဆိုပါ အုပ်ချုပ်ရေးမှူးက ပြောသည်။
လွယ်မောင်းကျေးရွာနှင့် ထီဝါးလီကျေးရွာတွင် နေထိုင်သည့် ပြည်သူ တစ်ထောင်နီးပါးရှိပြီး နေအိမ် ၁၅ လုံးနှင့် စာသင်ကျောင်း တစ်ကျောင်း ပျက်စီးသွားသည်ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးသွားသည့် ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်သား၊ ရဲများနှင့် မီးသတ်များက လာရောက်ကူညီ ကယ်ဆယ်မှု လုပ်ပေးနေကြောင်း သိရသည်။
လက်ရှိ အခြေအနေအရ ရွာလုံးကျွတ် ပြောင်းရွှေ့နေရသူများသည် နေရပ်သို့ ပြန်လာရန် အဆင်မပြေတော့သဖြင့် အခြားသော နေရာအသစ်သို့ ရှာပြီး နေထိုင်လျှင် ပိုပြီး အဆင်ပြေနိုင်ကြောင်း ၎င်းအုပ်ချုပ်ရေးမှူးက ဆိုသည်။
အဆိုပါ သဘာဝ ဘေးသင့် ပြည်သူများအတွက် အဝတ်အထည်၊ နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ကူညီကယ်မှု လုပ်ဆောင်နေသော ရေဘေးသင့်သူများကို ကူညီပေးနေသည့် ပင်လောင်မြို့ ဒေသခံ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။
“လောလောဆယ်တော့ သူတို့ကို ဓမ္မာရုံမှာထားထားတယ်။ လူဦးရေက များတော့ သူတို့ နေထိုင်ဖို့ တဲလေးတွေ ဆောက်ဖို့ လိုအပ်နေတယ်။ အဝတ်စားတွေလည်း သူတို့လိုတယ်။ စားသောက်ဖို့ကျတော့ အလှူရှင်တွေက လာလှူနေသေးတော့ အဆင်ပြေသေးတယ်။ ရေရှည်မှာဆိုရင်တော့ မလွယ်ဘူး။” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင်လည်း ပင်လောင်းမြို့နယ် လွယ်မောင်းကျေးရွာနှင့် ထီဝါးလီ ကျေးရွာတွင် တောင်ကျရေဝင်ရောက်မှု ရှိခဲ့သော်လည်း ယခုနှစ်လောက်အခြေအနေ ဆိုးရွားခြင်းမရှိခဲ့ပေ။
ထို့ကြောင့် လွယ်မောင်းကျေးရွာနှင့် ထီဝါးလီကျေးရွာသည် လွယ်မောင်းတောင်ခြေရင်းတွင် ရှိပြီး ၎င်း လွယ်မောင်းတောင်မှ ရေထွက်သောကြောင့် မြေသားများပျော့လာကာ မိုးများလျှင် ယခုကဲ့သို့ တောင်ကျရေ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယခုရက်ပိုင်းအတွင်း သျှမ်းတောင်ရှိ ကလောမြို့၊ အင်းလေးမြို့၊ ပင်းတယမြို့၊ ရွာငံမြို့နှင့် တာချီလိတ်မြို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲ ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း သျှမ်းတောင်အပါဝင် မြန်မာပြည်တစ်ဝန်း ရေကြီးရေလျှံမှုဖြစ်သောကြောင့် လူဦးရေ ထောင်နှင့်ချီ ရေဘေးသင့်ခဲ့ရသည်။







