ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ ကျေးရွာပေါင်း (၅) ရွာထက်မနည်းမှ စစ်ဘေးရှောင်ဦးရေ (၃၀၀၀) ကျော်သည် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ရိက္ခာနှင့် အမိုးအကာများ အဓိက လိုအပ်မှုရှိနေကြောင်း ၎င်းတို့ကို အကူအညီပေးနေသူများထံမှ သိရသည်။
တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မေလပိုင်းမှစ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ မီးရှို့ခြင်းကြောင့် ထောင်နှင့်ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
လက်ရှိ စစ်ဘေးရှောင် (၃၀၀၀) ကျော်သည် တောင်ငူမြို့နှင့် အနီးတစ်ဝိုက်ရှိ ယာယီစစ်ရှောင်စခန်းတွင် ခိုလှုံနေကြခြင်းဖြစ်သည်။ ၎င်းတို့မှာ နေရပ်ပြန်ရန် အခက်အခဲများရှိနေသည့်အပြင် နေအိမ်မီးရှို့ခံရမှုများ၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှုတို့ကြောင့် ယနေ့အထိ နေရပ်မပြန်နိုင်ဘဲ အခြေခံစားနပ်ရိက္ခာ အဓိကလိုအပ်မှုရှိနေသည်ဟု စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ယခုလို ပြောသည်။
“စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း တစ်ခြမ်းလုံး တိုက်ပွဲတွေ ဖြစ်နေတာ။ စစ်ရှောင်က ၃၀၀၀ ကျော် ရှိတယ်။ အလှူရှင်နဲ့ လည်ပတ်နေရပေမယ့် လောလောဆယ် စားနပ်ရိက္ခာ လိုအပ်မှု ရှိလာတယ်။ အိမ်တွေ မီးရှို့ခံရတော့ အများစုကလည်း ပြန်စရာမရှိကြတော့ဘူး။ နေဖို့ ယာယီတဲ ထိုးထားပေးတယ်။ စားဝတ်နေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း မကောင်းတော့ စီစဥ်ပေးလို့လည်း အဆင်မပြေဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ယာယီ စစ်ရှောင်စခန်းထဲတွင် နှစ်ချီ၍ တိမ်းရှောင်နေကြရသူများ ရှိသလို မကြာသေးခင်က ကျောက်လုံးကြီး၊ လက်ပဲကုန်း၊ စပါးကြွယ်နှင့် တောပုကျေးရွာဘက်မှ အရေးပါ် တိမ်းရှောင်လာသည့် စစ်ရှောင် (၂၀၀) ကျော်ခန့်ကိုလည်း အကူအညီပေးထားသည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။
လတ်တလောတွင် သက်ဆိုင်ရာတာဝန်ရှိသူများက တနိုင်တပိုင် ကူညီထားသော်လည်း စစ်ဘေး ရှောင်ဦးရေ များပြားလာသည့်အတွက် ယာယီတဲထိုးနေထိုင်ရသည့် စစ်ဘေးရှောင်များအတွက် မိုးရာသီ ဝင်ရောက်လာပြီ ဖြစ်သဖြင့် နေထိုင်ရေး အခက်အခဲတွေ့ကြုံနေရကြောင်း အဆိုပါ နယ်မြေတာဝန်ရှိသူများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ၂၃ ရက်က စစ်ကောင်စီတပ်များသည် မကျည်းပင်အင်းရွာအနီးရှိ စပါးကြွယ်ရွာ၌ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဥ်တွင်လည်း ရွာအတွင်းဝင်ရောက်၍ ဒေသခံနေအိမ် ၇၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ ဖော်ပြချက်အရ သိရသည်။







