AA ထိန်းချုပ်နယ်မြေများတွင် ဒုစရိုက်မှုများ ခပ်စိပ်စိပ်ရှိလာ

AA ထိန်းချုပ်နယ်မြေများတွင် ဒုစရိုက်မှုများ ခပ်စိပ်စိပ်ရှိလာ

ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများတွင် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနှင့် လူသတ်မှု စသည့် ဒုစရိုက်မှုများ ခပ်စိပ်စိပ်ရှိလာသည်ကို တွေ့လာရသည်။

ဇူလိုင် ၁၈ ရက်က မင်းပြားမြို့နယ်၊ င/ပုဂွကျေးရွာမှ အသက် (၃၆) နှစ်ရွယ် ဦးကျော်စိုးထွန်းမှာ နေ့လည်ပိုင်း အချိန်တွင် နေအိမ်၌ အိပ်ပျော်နေစဉ် တစ်ရွာတည်းနေ ဦးမဲလုံးဆိုသူက ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။

လက်ရှိ ဦးမဲလုံးအား အာရက္ခတပ်တော်၏ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DLEPS)က ဖမ်းဆီးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၃ ရက် ကျောက်တော်မြို့မဈေးကြီးအတွင်း အမျိုးသမီးတစ်ဦးမှာ ခါးပိုက်နှိုက်ခံရ၍ ရွှေနှစ်ကျပ်သားနှင့် ငွေသား ၆ သိန်းပါသွားကြောင်း ထိုဖြစ်စဉ်ကို သိရှိသည့် မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဈေးထဲမှာ ဈေးဝယ်နေတုန်း ဆလင်းဘတ်အိတ်ကို ဘေးကနေ ဓားနဲ့ခွဲပြီး နှိုက်ယူသွားတာ။ အခိုးခံရတဲ့ အမျိုးသမီးက သတိမထားမိလိုက်တော့ အကုန်ပါသွားတယ်” ဟု ၎င်းက ပြောသည်။

ဇူလိုင်လ ပထမအပတ်ကလည်း ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာမှ ဆန်စက်ပိုင်ရှင် ကိုကျော်သက်လှိုင်၏ နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ (၁၀) ကျပ်သားနှင့် ငွေသားအချို့ ပါသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကျုးလွန်သူကို ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။

ရခိုင်တွင် ယခုကဲ့သို့ ခိုးဆိုး၊ လုယက်မှုများဖြစ်ပေါ်လာရခြင်းမှာ လက်ရှိကာလ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်နှင့်အတူ စားဝတ်နေရေးကျပ်တည်းမှု အခြေအနေများကြောင့်ဟု ပြောဆိုမှုများ ရှိနေသည်။

“အခုကာလမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးပြီးတော့ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့်ရော၊ အဖွဲ့အစည်းတွေရဲ့ ရန်ပုံငွေဖြတ်တောက်ခံရတာတွေ၊ ကုန်ဈေးနှုန်းမြင့်တက်တာတွေကြောင့် အရင်ကတည်းက အကူအညီရမှုနည်းပါးနေတဲ့ စစ်ရှောင်တွေအတွက်က ပိုပြီး အကျပ်ရိုက်စေတယ်။ ခိုးမှု၊ လုယက်မှုတွေ တိုးလာတယ်ဆိုတဲ့နေရာမှာ ဝင်ငွေမရှိ စားဝတ်နေရေးအတွက် ရှာကြံမရဖြစ်နေရတဲ့ အချက်ကလည်း တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်တယ်” ဟု ကျောက်တော်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်က မင်းပြားမြိုနယ်၊ လက်မ(မွတ်ဆလင်)ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းနိုင် (၃၅)နှစ်မှာ ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တွင် ရှိနေစဉ် အမည်မသိလူအချို့၏ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသွားခဲ့သည်။

လက်မ (မွတ်ဆလင်) ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံခြင်းနှင့်ပတ်သက်၍ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဌာန (DLEPS)အဖွဲ့က စုံစမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသော်လည်း ကျူးလွန်သူများကို ဖမ်းဆီးအရေးယူမှု ရှိ/မရှိကိုတော့ မသိရပေ။

ရခိုင်ဒေသအတွင်း ဒုစရိုက်မှုများ ခပ်စိပ်စိပ်ရှိလာနေသဖြင့် ဒေသခံများကြား လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိလာနေကြသည်။

ယင်းကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ထိုသို့ဒုစရိုက်မှုများနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း ထောက်ပြမှုများ ရှိနေသည်။

မင်းပြားဒေသခံ အမျိုးသမီးတစ်ဦးက “အခုအခြေအနေအရတော့ တော်လှန်ရေးကာလ၊ နောက်ပြီးတော့ တည်ဆောက်ဆဲကာလလည်းဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးအပိုင်းမှာ အားနည်းချက်ဆိုတာမျိုးကတော့ ရှိနေနိုင်တာပေါ့။ ဒါပေမဲ့ ဒီလို အမှုတွေ တဖြည်းဖြည်းများလာတော့ ပြည်သူရဲ့ လုံခြုံရေးကို အလေးထားပြီး တာဝန်ရှိသူဖြစ်တဲ့ အာရက္ခပြည်သူ့အစိုးရဘက်က အရေးယူမှုတွေ ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်ဆောင်ပေးစေချင်တယ်" ဟု ပြောသည်။

ရခိုင်ပြည်အတွင်းက မြို့နယ်အများစုကို သိမ်းပိုက်ထားသည့် ULA/AA သည် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တစ်ရပ်ကို ထူထောင်ကာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး စသည့် အုပ်ချုပ်ရေးယန္တရားများဖြင့် ပြန်လည်တည်ဆောက်ရေးများကို လုပ်ဆောင်နေသည်။

သို့သော် ULA/AA က တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးကဏ္ဍများကို ကိုင်တွယ်ဖြေရှင်းရာတွင် အားနည်းချက်များစွာရှိနေသေးကြောင်း ထောက်ပြဝေဖန်မှုများလည်း ရှိနေကြသည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...