ကျုံဒိုး အရှေ့တောင်ဘက် မွန်ရွာများသို့ စစ်ကောင်စီ စစ်ကြောင်း နှစ်ခု ဝင်ရောက်လာ

ကျုံဒိုး အရှေ့တောင်ဘက် မွန်ရွာများသို့ စစ်ကောင်စီ စစ်ကြောင်း နှစ်ခု ဝင်ရောက်လာ

ကျုံဒိုးနယ်နှင့် ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းကို ပြန်စိုးမိုးနိုင်ရေးအတွက် ကျုံဒိုး အရှေ့တောင်ဘက်၊ ကရင်နှင့် မွန်ပြည်နယ် နယ်စပ်၊ ဂျိုင်းမြစ်ကမ်းတလျှောက်ရှိ မွန်ရွာများသို့ စစ်ကောင်စီ စစ်ကြောင်း နှစ်ကြောင်း ဇူလိုင် ၁၇ ရက်နေ့တွင် စတင်ဝင်ရောက်လာသည်ဟု ဒေသခံများနှင့် မြေပြင် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ဘက်မှ စစ်ကားကြီး ၆ စီးဖြင့် အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းသည် မွန်၊ ကရင်နယ်စပ် ခရုံဂူတွင် အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းတစ်ကြောင်းနှင့် ကော့ကရိတ်မြို့နယ်အပိုင်း ဂျိုင်းမြစ်ကမ်းအနီး ကော့ဘိန်းရွာတွင် အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်း တစ်ကြောင်း ဇူလိုင် ၁၇ ရက်နေ့တွင် ရောက်ရှိလာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“လူအင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကြောင်းက ခရုံဂူဘက်မှာ ရှိနေတယ်။ နောက် ကော့ဘိန်းဘက်ကို ရောက်နေ တဲ့ စစ်ကြောင်းက ကော့ဘိန်းကနေ ကမ်းနီ၊ ပိုင်ရ၊ တောင်ကမ္ပလိုက် ဘက်ကိုစစ်ကြောင်းထိုးမယ်ပေါ့နော်၊ ကော့ကရိတ်လမ်းကို အနောက်ဘက်က ထိုးပေါက်ဖို့ စကစက အခုရက်ပိုင်းလုပ်မယ်လို့ သတင်းတွေ ထွက်နေ တယ်”ဟု ကျေးရွာ ဒေသခံ သတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် အဆိုပါ စစ်ကြောင်းမှ စစ်ကောင်စီ တပ်သားများထွက်ပြေးသူရှိနေ၍ နယ်မြေအတွင်းရှိ မွန်ပြည်သူ့ စစ်အဖွဲ့ဝင်များနှင့်အတူ လိုက်လံရှာဖွေနေသည်ဟု ဒေသတွင်း၌ သတင်းများထွက်ပေါ်နေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်းသည် ကော့ဘိန်းရွာဘက်နှင့် ခရုံဂူကျေးရွာဘက်တွင် ဖြန့်ကျက် စစ်ကြောင်း ပတ်လာနေပြီး စပါယ်ဂူလမ်းပိုင်းနှင့် ကျွန်းကုန်းကျေးရွာလမ်းပိုင်း တစ်လျှောက်မှ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းအား ထိမ်းချုပ်နိုင်ရေး တိုက်ခိုက်မည့် အလားလာများရှိနေသည်ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်က ယခုလို ပြောသည်။

“စကစ စစ်ကြောင်းက အခုမွန်ရွာတွေ ပတ်ဝင်ပြီး နယ်မြေရှင်းတယ်ပေါ့ဗျာ။ တစ်ရွာဝင်တစ်ရွာထွက် ပတ်လာ နေတယ်။ ဂျိုင်းမြစ်ထဲကနေ စစ်သင်္ဘောနဲ့ လက်နက်ကြီးပစ်ပေးတယ်။ ဇာသပြင်တံတား စစ်တပ်စခန်းကလည်း လက်နက်ကြီး ပစ်ပေးတယ်။ သူတို့ ကျုံဒိုး-ကော့ကရိတ်လမ်းကို စစ်ကူတိုက်ဖို့ စပါယ်ဂူ၊ ကျွန်းကုန်းရွာ ဘက်က လာနေတာပေါ့နော်” ဟု မဟာမိတ်တပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။

လတ်တလော ဇူလိုင် ၁၈၊ ၁၉ ရက်နေ့များတွင် ကျုံဒိုး စစ်ကောင်စီတပ်များက မြေပြင်စစ်ကြောင်းထွက် တိုက်ခိုက်မှု မရှိသော်လည်း လက်နက်ကြီးများဖြင့် နေ့ရောညပါ ကျုံဒိုးကော့ကရိတ်လမ်းပိုင်းရှိ နွားခြံကုန်း၊ ကော့ဝါလဲ့၊ အင်းကြီး၊ အုန်းတစ်ပင်၊ ခုနှစ်တိုင်၊ ငါးတိုင်ရွာများဘက်သို့ ပစ်ခတ်နေသည်ဟု စစ်ရေးသတင်းရင်း မြစ်များက ပြောဆိုသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...