CDF - မရာထိန်းချုပ်ဒေသကို သိမ်းနိုင်ရန် MDF နှင့် မဟာမိတ်တပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်နေဟု ဆို

CDF - မရာထိန်းချုပ်ဒေသကို သိမ်းနိုင်ရန် MDF နှင့် မဟာမိတ်တပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်နေဟု ဆို

ချင်းပြည်နယ်၊ မရာဒေသတွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ် (MTC/ MDF) နှင့် မဟာမိတ်တပ်များသည် IMC/ CDF - မရာ ဌာနချုပ်ကို သိမ်းနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၆ ရက်အထိ MTC/ MDF နှင့် အာရက္ခတပ်တော် ULA/ AA ပူးပေါင်းတပ်ဖွဲ့သည် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ IMC/ CDF - မရာ ဌာနချုပ် မကျစေရေးအတွက် ပြည်သူများနှင့် ပူးပေါင်းပြီး ရရာလက်နက်များဖြင့် ခုခံကာကွယ်လျက်ရှိသည်ဟု IMC/ CDF - မရာက ဇူလိုင်လ ၁၆ ရက်မှာ ထုတ်ပြန်သည်။

CDF - မရာဌာနချုပ်ကို သိမ်းပိုက်နိုင်ရန်နှင့် ချင်းပြည်မြောက်ပိုင်းသို့ ထိုးစစ်ဆင်ရန် လမ်းကြောင်း ဖောက်ထွင်းနိုင်ရေး ရည်ရွယ်၍ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု IMC/ CDF - မရာထံမှ သိရသည်။

MDF နှင့် ULA/ AA တပ်ဖွဲ့များသည် မူလယာယီစခန်းဖြစ်သော အောက်လာအိုကျေးရွာမှ အင်အား အလုံးအရင်းဖြင့် တက်လာပြီး ဇူလိုင်လ ၃ ရက်တွင် အထက်လာအိုကျေးရွာအနီးရှိ CDF- မရာစခန်းနှင့် ၁ မိုင်ခန့်အထိ စစ်ကြောင်းထိုးလာသည်ဟု သိရသည်။

MDF နှင့် ပူးပေါင်းတပ်ဖွဲ့သည် IMC/ CDF - မရာ ဌာနချုပ် ဧရိယာသို့ အင်အား ၂၀၀ ခန့်ကို စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာရာ ဇူလိုင်လ ၁၄ ရက် နေ့လယ် ၁၂ ခန့်တွင် ဖာရ်တလန်ရွာအနီး ၃ နေရာမှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားသည်ဟု IMC/ CDF - မရာ ထံမှ သိရသည်။

ယမန်နေ့အထိလည်း နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု IMC/ CDF - မရာ က ထုတ်ပြန်သည်။

မရာလူမျိုးအချင်းချင်းအကြား ပဋိပက္ခ ပိုမိုကြီးထွားအောင် ချင်းညီနောင် (CB) နှင့် ULA/ AA တပ်ဖွဲ့များက MDF ဖက်ကို တဖက်သတ်ရပ်တည်ပြီး စစ်အင်အား၊ လက်နက်အင်အားဖြင့် ကူညီပေးနေသည်ဟုလည်း IMC/ CDF - မရာ ၏ ထုတ်ပြန်ချက်အရ သိရသည်။

မရာဒေသပဋိပက္ခတွင် MTC/ MDF တပ်ဖွဲ့ကို CB နှင့် ULA/ AA က အကူအညီပေးနေမှုနှင့် ယင်းတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ MTC/ MDF နှင့် IMC/ CDF - မရာ တပ်ဖွဲ့များထံ ဆက်သွယ်မေးမြန်းသော်လည်း မရပါ။

MTC/ MDF နှင့် ULA/ AA ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအကြား စစ်ရေးပွတ်တိုက်မှု မရှိအောင် IMC/ CDF - မရာ ဌာနချုပ် ဧရိယာမှ အမြန်ဆုံး တပ်ဆုတ်သွားပေးရန် IMC/ CDF - မရာ က တောင်းဆိုထားသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...