ဧရာ၀တီနှင့် စစ်တောင်းမြစ်ရေကြီးမှု သတိပေးထား၊ မုတ်သုံလေကြောင့် မိုးရွာသွန်းမှု ဆက်ရှိနိုင်

ဧရာ၀တီနှင့် စစ်တောင်းမြစ်ရေကြီးမှု သတိပေးထား၊ မုတ်သုံလေကြောင့် မိုးရွာသွန်းမှု ဆက်ရှိနိုင်

ဧရာ၀တီမြစ်ရေနှင့် စစ်တောင်းမြစ်ရေသည် မြို့ခြောက်မြို့တွင် လာမည့်ရက်ပိုင်း၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပြီး ရေကြီးမှုဘေး သတိပြုရန် စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ထုတ်ပြန်သည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီဌာန၏ ယနေ့(ဇူလိုင် ၁၄ ရက်) နံနက် ၇ နာရီခွဲအချိန် ထုတ်ပြန်ချက်တွင် နောက် ၁၂ နာရီအတွင်း ဧရာ၀တီမြစ်ရေသည် ညောင်ဦးမြို့နှင့် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ဖော်ပြသည်။

ချောက်၊ ဆိပ်သာ၊ ပခုက္ကူ၊ ဟင်္သာတမြို့တို့၌လည်း နောက်သုံးရက်အတွင်း ဧရာ၀တီမြစ်ရေသည် စိုးရိမ်ရေမှတ် အထက် ရောက်ရှိနိုင်ကြောင်း အသိပေးသည်။

ထို့ကြောင့် မြစ်ကမ်းအနီးနေထိုင်သူများနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် မြစ်ရေကြီးမှု သတိပြုရန်နှင့် မြစ်ရေမြင့်တက်မှု ဖြစ်ပေါ်ပါက အချိန်မီရှောင်ရှားကြရန် သတိပေးထားသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတခုဖြစ်နေပြီး မုတ်သုံလေအားကောင်းနေသည့် အတွက် မြန်မာနိုင်ငံတဝှမ်း မိုးရွာသွန်းမှုများဆက်ရှိနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်း၌လည်း မိုးရွာသွန်းမှုများကြောင့် ရခိုင်ပြည်နယ်၊ နေပြည်တော်နှင့် ပဲခူးတိုင်းအတွင်းရှိ ဒေသအချို့တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။

“ရေကတော့ ပြန်ကျသွားပြီဆိုပေမယ့် အနိမ့်ပိုင်းတွေမှာ ရေကျန်နေတုန်းပဲ။ မိုးကတော့ မပြတ်သေးဘူး။ ရွာလိုက် တိတ်လိုက် ဖြစ်နေတုန်းပဲ” ဟု ကျောက်တော်မြို့နယ်မှဒေသခံတဦးက ပြောသည်။

မိုးလယ်ကာလဖြစ်သည့်အတွက် မြန်မာနိုင်ငံတဝှမ်း မိုးရွာသွန်းမှုများဆက်ရှိနိုင်သော်လည်း မိုးအလွန်များနိုင်မည့် အခြေအနေမရှိသည့်အတွက် စိုးရိမ်စရာမရှိကြောင်း မိုးလေဝသဆိုင်ရာလေ့လာသူ ဦးဝင်းနိုင်က အသိပေးသည်။

“မုတ်သုံမိုးကတော့ မိုးလယ်ကာလဖြစ်လို့ ဆက်ရွာနေပြီး နေရာကွက် မိုးများတာရှိနိုင်ပါတယ်။ ကျနော် ၄၈ နာရီ တကြိမ် ကြိုတင်ခန့်မှန်းချက် တင်ပေးနေမှာပါ။ မုန်တိုင်းတလုံးဖြစ်နေသလို မိုးအရမ်းများနိုင်မဲ့ အခြေအနေမရှိလို့ အထူးစိုးရိမ်စရာတော့ မရှိပါဘူး” ဟု ဆိုသည်။

ယခုတပတ်အတွင်း မုတ်သုံလေကြောင့် မြန်မာနိုင်ငံတဝှမ်း မိုးကောင်းနိုင်ပြီး စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်မိုးကြီးနိုင်ကြောင်း NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...
August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...