ဒီးမော့ဆိုက နေရာ ၃ ခုကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

ဒီးမော့ဆိုက နေရာ ၃ ခုကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းက နေရာ ၃ ခုကို ဒီကနေ့ ဇူလိုင်လ (၁၄) ရက်နေ့ မနက် ၁ နာရီ၀န်းကျင်အချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

တစ်နေရာကို ည ၁၂ နာရီ ၅၅ မိနစ်မှာ တစ်ကြိမ်၊ နောက်ထပ်တစ်နေရာကို ၁ နာရီ ၃ မိနစ်မှာတစ်ကြိမ်နဲ့ ၁ နာရီ မိနစ် ၂၀ မှာ တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

“လေယာဉ်သွားတဲ့ပုံစံက ကင်းထောက်ဝဲတာလဲမရှိဘူး။ လာတဲ့ချိန်မှာ တစ်ပြိုင်ထဲ ကြဲတာပေါ့။ တခါကြဲတယ် ပြန်ပတ်တယ်၊ ပြန်ပတ်ပြီးတော့ နောက်တစ်နေရာမှာ နောက်တခါကြဲတယ်။ အဲ့လိုပုံစံနဲ့ ၃ကြိမ်နဲ့ ဗုံးအလုံးရေ ၅လုံးလောက်ကြဲသွားတာပေါ့။ လေယာဉ်ကြဲတာကတော့ ဒီမနက်စောပေါ့နော။” လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီက ဒုတိယအကြိမ်ကြဲတဲ့ နေရာမှာတော့ အဆောက်အဦး နှစ်လုံး ထိမှန် ပျက်စီးသွားပြီး ရေချိုးခန်း၊ အိမ်သာအပြင် ကားတစ်စီးလည်း ဗုံးစထိမှန်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၂၀ ကျော်အရွယ် ဒေသခံအမျိုးသားနှစ်ဦးလည်း ဗုံးစထိမှန်လို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေကနေ ပေါင် ၂၀၀ ဗုံးကို အသုံးပြုသွားတာဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ကြောက်လန့်သွားတာပေါ့၊ တုန်လဲတုန်သွားတယ်။ တခါမှ မကြုံဖူးဘူးလေ အဲ့လိုမျိုး။ ကိုယ်လဲ မကြုံဖူးခါ ကျတော့ လေယာဉ် တစ်ခေါက် နှစ်ခေါက်လာတော့ စိတ်နဲ့ကိုယ်နဲ့မကပ်တော့ဘူး။ ဗုံးခိုကျင်းထဲမှာပဲ သွားပုန်း နေ‌တာ ဗုံးခိုကျင်းက အနီးအနားမှာဆိုတော့ အဲ့မှာပဲ သွားပုန်းနေတာ။ ဘုရားကိုပဲ အားကိုးတယ်။ ဘုရားကိုပဲ ဆုတောင်းတာပေါ့ လူလည်း ဘေးကင်းအောင်။ ပစ္စည်းတွေ အဆောက်အအုံတွေ ပျက်ပါစေ လူတွေမထိရင် ကိုယ်က ၀မ်းသာတယ်လေ။” လို့ နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

ယခုဇူလိုင်လအတွင်း စစ်ကောင်စီက ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းကို နှစ်ကြိမ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသကို တစ်ကြိမ်၊ ရှမ်း- ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်း တစ်နေရာကို တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ထားပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာကို လေကြောင်းတိုက်ခိုက်မှု မကြာခဏ ပြုလုပ်နေတာကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်မှု ရှိနေကြပါတယ်။

March 11, 2026
ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေတချို့မှာ အခုနှစ်တွေအတွင်း ခြံမြေတွေ...
March 10, 2026
မတ်လ ၈ ရက်နေ့ ညနေပိုင်းမှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး...
March 9, 2026
ကရင်နီပြည်၊ မြေပြင်တစ်နေရာမှာ ကိန္နရီပညာရေး စင်တာကနေ ဖွင့်လှစ်ပေးမည့် သက်မွေး သင်တန်းအတွက်...
ဒီးမော့ဆိုအနောက်ခြမ်းတနေရာက ဓာတ်ဆီဆိုင်တဆိုင်ကို တွေ့ရစဉ်
March 7, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ဓာတ်ဆီဆိုင်တဆိုင်မှာ ဆီမရောင်းပေးတဲ့အတွက် ဝယ်သူနှစ်ဦးက...