လေကြောင်းရန်နှင့် တိုက်ပွဲများကြောင့် နောင်ချို၊ ကျောက်မဲ ဒေသခံများ ပြောင်းရွှေ့

လေကြောင်းရန်နှင့် တိုက်ပွဲများကြောင့် နောင်ချို၊ ကျောက်မဲ ဒေသခံများ ပြောင်းရွှေ့

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် နောင်ချိုမြို့အနီး ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နောင်ချိုနှင့် ကျောက်မဲမြို့မှ ဒေသခံအချို့ ပြောင်းရွှေ့နေကြရကြောင်း ဒေသခံနှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) တို့ထံမှ သိရသည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ရာ မြို့နယ်များကို ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသကဲ့သို့ TNLA ထိန်းချုပ်သည့် နောင်ချိုမြို့ကိုလည်း စစ်ကြောင်းထိုး တိုက်ခိုက်နေသည်။

ထို့ကြောင့် နောင်ချိုမြို့တွင် ဒေသခံအများစု တိမ်းရှောင်သွားကြပြီဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မဇ္ဈိမကို ပြောသည်။

“နောင်ချိုဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အလျောက် လူထုတွေကတော့ တချို့က ဆက်ရှိနေပေမယ့် တချို့ကတော့ လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းသွားတာ ရှိပါတယ်” ဟု လွေးယေဦးက ပြောသည်။

ကျောက်မဲမြို့တွင်လည်း ၁၀၂၇ စစ်ဆင်ရေးအပြီး မြို့နေလူထုအများစု ပြန်လည်အခြေချနေထိုင်နေရာမှ ဇွန်လ ၂၅ ရက်နေ့ခန့်မှ စတင်ကာ လုံခြုံရေးအခြေအနေကြောင့် ထိုပြန်လည်အခြေချနေထိုင်သူ ၄၀ ရာခိုင်နှုန်းခန့်သည် အခြားဒေသသို့ ထပ်မံပြောင်းရွှေ့နေကြရကြောင်း ဒေသခံထံမှ သိရသည်။

“အပေါ်က လာချတဲ့ အခါတိုင်း ပြည်သူတွေချည်းထိ ပြည်သူတွေချည်း သေတာဗျ။ အကုန်လုံးက ကျီးလန့်စာစား ဖြစ်နေရတာ။ အဲ့ဒါကြောင့် ကိုယ့် ဆွေမျိုးရှိရာကို ပြောင်းကြတာဗျ။ နယ် အသီးသီးပေါ့နော်” ဟု ကျောက်မဲမြို့ခံ တဦးက ပြောသည်။

စစ်ကောင်စီသည် ယနေ့ (ဇူလိုင် ၁၁ ရက်)နံနက် ၃ နာရီခန့်တွင်လည်း ကျောက်မဲမြို့ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် နောင်ချိုမှ လာရောက်တိမ်းရှောင်နေသည့် စစ်ဘေးရှောင်တဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့ကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး ဒေသခံအမျိုးသားတဦး သေဆုံးခဲ့သေးသည်။

လက်ရှိတွင် နောင်ချိုမြို့ပတ်ဝန်းကျင်ရှိ ကျောက်ကြမ်း၊ နောင်လင်၊ ကျောက်တော၊ အုမ္မခါး၊ နားမုံနဲ့ ရေမောင်းတန်ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး လုံခြုံရေးအခြေအနေအရ ကျောက်မဲ-နောင်ချို လမ်းပိုင်းကိုလည်း အသွားလာဂရုစိုက်ရန် TNLA မှ ညွှန်ကြားထားကြောင်း TNLA က ပြောသည်။

စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် (၆၀၆) ဒုံးတပ်ရင်းနှင့် ကျောက်ကြမ်းကျေးရွာကို သိမ်း ပိုက်နိုင်ပြီဟု ဖော်ပြထားသော်လည်း လက်ရှိချိန်ထိ TNLA ဘက်က ထိန်းထားပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း လွေးယေဦးက ပြောသည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ရာ ဒေသများကို ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် လူထုအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်ရန် TNLA က တိုက်တွန်းထားသည်။

June 27, 2026
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဂျိတ်လွယ်ကျေးရွာအနီး မြေရှားသတ္တု တူးဖော်နိုင်ရေး ကြိုးပမ်းလုပ်...
စစ်မှုထမ်း အမှတ်(၄) သင်တန်းသားများအား မြင်တွေ့ရစဥ်(MOI)
June 26, 2026
ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့သို့ ခရီးသည်တင်ကားများဖြင့် လာသည့် လူငယ်၊ လူရွယ်...
June 25, 2026
ကချင်ပြည်နယ်၊ ရွှေကူခရိုင်အတွင်း နေထိုင်ကြသည့် ဒေသခံများနှင့် လုပ်ငန်းရှင်များအနေဖြင့်...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...