သျှမ်းပြည် ကျောက်မဲမြို့ပေါ် (၃) နေရာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ကြောင့် စစ်ဘေးရှောင်များလည်း ထိခိုက်သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။
ယနေ့ (ဇူလိုင်လ ၁၁ ရက်) နံနက်အစောပိုင်း ၃ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၃) နေရာ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။
အဆိုပါ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုအတွင်း ကျောက်မဲမြို့မရဲစခန်း၊ ခရိုင်ရဲရုံးနှင့် ခိုမုန်းကျေးရွာရှိ ဟိုတယ်ကောလီတို့တွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး နောင်ချိုမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များလည်း ထိခိုက်သေဆုံးမှုရှိကြောင်း ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ခိုမုန်းမှာ ကျတဲ့တစ်လုံးက ဟိုတယ်ကောလီထဲမှာ နေတဲ့ စစ်ရှောင်လည်း ထိတယ်လို့ ကြားတယ်။ အဲ့ဘက်က ပေးမဝင်သေးလို့ သွားကြည့်လို့ မရဘူး။ TNLA ထုတ်ပြန်မှပဲ လူထိတာ သိရမှာ။ ကျန်တာက မြို့ထဲက ရဲစခန်းနဲ့ မြောက်ကုန်းက ခရိုင်ရဲမှူးရုံး ဗုံးကြဲခံရတယ်” ဟု ကျောက်မဲမြို့မှ ၎င်းဒေသခံ အမျိုးသားက ပြောသည်။
ယနေ့နံနက်ပိုင်း ကျောက်မဲမြို့ပေါ် လေကြောင်းဗုံးကြဲခံရမှုကြောင့် ခိုမုန်းရွာရှိ ဟိုတယ်ကောလီတွင် ခိုလှုံနေသည့် နောင်ချိုစစ်ဘေးရှောင်မိသားစုများထဲမှ တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း ကနဦး သိရသော်လည်း အသေးစိတ်ကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။
လက်ရှိတွင် ကျောက်မဲနှင့် နောင်ချိုကြားရှိ ဂုတ်တွင်းလမ်းပိုင်းလည်း ပိတ်ထားပြီး နောင်ချိုမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း ဒေသခံများထံမှ သိရသည်။
“ကွင်းလမ်းက သွားကြလို့ ဂုတ်တွင်းထဲ မနေ့ကတည်းက ပိတ်ထားတယ်။ အခု ကျောက်ကြမ်းနားက ကျောက်ဘီလူးနေရာမှာ တိုက်ပွဲက ပြင်းထန်နေကြလို့ ပိတ်လိုက်တာ”ဟု နောင်ပိန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၈) ရက် ညနေပိုင်းတွင် နောင်ချိုမြို့နှင့် ၃ မိုင်ခန့်အကွာ TNLA ထိန်းချုပ်ထားသည့် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို စစ်ကောင်စီတပ် ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် မြို့တွင်းဝင်ရောက်ရန် စုဖွဲ့ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
အလားတူ ဇူလိုင်လ (၉) ရက် ည ၈ နာရီကျော်အချိန်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အနီး ပန်မထိပ်ကျေးရွာသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး နှစ်လုံး ထပ်မံကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦး သေဆုံးပြီး ကလေး(၂) ဦး အပါအဝင် အရပ်သား (၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယမန်နေ့ (ဇူလိုင် ၁၀ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။







