မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ ရာသီတုပ်ကွေး၊ ဝမ်းပျက် ဝမ်းလျှောနှင့် အရေပြားရောဂါ ကူးစက်မှုအဖြစ်များနေပြီး ဆေးဝါးအကူအညီများ လိုအပ်နေသည်ဟု မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ရက်(SBHN) ထံမှ သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့်နှင့် စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာခြင်း၊ စစ်ကောင်စီ တပ်ရင်း တပ်စခန်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့ကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထွက်ပြေးတိမ်းရှောင်နေကြရသူများသည် အများစုက တောတောင်၊ ဆွေမျိုး၊ နီးရာဘုန်းကြီးကျောင်းတို့တွင် နေထိုင်နေကြရသလို့ အချို့ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေဒေသတွင် ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းတို့တွင် ခိုလှုံနေကြရသည်။
“ကျိုက်ထိုဘက်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို ပြည်သူတွေက ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကဏ္ဍတစ်ခုနဲ့ KNU ဘက်မှာ ကူညီပေးဆောင်ရွတ်နေတဲ့ ကဏ္ဍ တစ်ခုရှိတယ်။ ပြည်သူတွေ ကူညီပေးနေတာက အမျိုးအိမ်တွေ၊ ဥယျာဉ်ခြံတွေ၊ ဘုန်းကြီးကျောင်းတွေမှာ အဆင်ပြေတဲ့နေရာမှာ မှီခိုနေရတဲ့လူတွေဖြစ်တယ်။ သူတို့အတွက် စစ်ရှောင်စခန်း သက်သက်ဖွင့်ထားတာမျိုး မရှိဘူး။ သူတို့က တိုက်ပွဲဖြစ်ရင် ရှောင်ကြမယ် တိုက်ပွဲမရှိရင် အိမ်ပြန်မယ် အဲလိုမျိုး။ အဲဒါကြောင့် အရေအတွက်အတိအကျကို မသိနိုင်ဘူး။ ကျွန်တော်တို့ ကောက်ယူနေတုန်းပဲ။ KNU ဘက်မှာက စစ်ရှောင်စခန်း ဖွင့်ထားပေးတော့ စစ်ရှောင်တဲ့သူ ၅၀၀၀ ဝန်းကျင်လောက် ရှိတယ်။ KNU ဘက်က စစ်ဘေးရှောင်တွေကတော့ စားဝတ်နေရေးတွေ ထိုက်သလောက်တော့ ရတာရှိတယ်” ဟု မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ရက်(SBHN) မှ နိုင်မရော့မွန်က ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသူများသည် ယခု မိုးရာသီကာလတွင် ရာသီတုပ်ကွေး၊ ဝမ်းပျက် ဝမ်းလျှောအပြင် အရေပြားရောဂါပါ ကူးစက်ဖြစ်ပွားမှု ရှိနေသည်ဟုလည်း ဆိုသည်။
“ဒီမိုးရာသီမှာဆို ရောဂါတွေဖြစ်တဲ့ စစ်ရှောင်တွေ များလာတော့ ဆေးဝါးတွေ မလောက်တာ အခက်ခဲဖြစ်လာတယ်။ ကလေးတွေ အများစုက ဝမ်းပျက်ရောဂါတွေ ပိုဖြစ်တာများတယ်။ ပြီးတော့ အခုဖြစ်နေတဲ့ အရေးပြားရောဂါက သိပ်မစိုးရိမ်ရပေမဲ့ စစ်ရှောင်နေတဲ့သူတွေ အာလုံးနီးပါးဖြစ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ဘေးရှောင်များသည် ဆေးဝါး မလုံလောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အပြင် သောက်ရေသန့်လည်း အဓိက လိုအပ်နေသည်ဟု ပြောသည်။
“သောက်သုံးရေတွေ မသန့်လို့၊ ပြီးတော့ မိုးရွာတဲ့ အချိန်မှာ ပိုးမွှားတွေများလာလို့ စစ်ရှောင်တွေ ရောဂါဖြစ်လာတယ်။ ခြံလုပ်သားတွေ ခြံရှင်းထားတဲ့ နေရာတွေမှာ မြက်သတ်ဆေးတွေ ဖြန့်ထားတော့ မိုးရွာတဲ့အချိန်ဆို ဒီချောင်းရေတွေမှာ မြက်သတ်ဆေးတွေပါ ရေစီးကြောင်းတွေမှာ ရောနှောစီးဆင်းလာတယ်။ စစ်ဘေးရှောင်တွေအနေနဲ့က မိုးရေတွေ၊ ချောင်းရေတွေကိုပဲ သောက်သုံးနေကြတယ်။ ဒီချောင်းရေတွေကို ကြိုချက်ရင် ပိုးမွှားတွေက သေသွားရင်တောင် Chemical တွေက မကုန်ဘူး၊ အဲကြောင်းဝမ်းပျက်တာတွေ၊ အရေပြားရောဂါတွေ အဖြစ်များလာကြတယ်” ဟု နိုင်မရော့မွန်က ပြောသည်။
ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများသည် ဆေးဝါးအပြင် စားနပ်ရိက္ခာ၊ အမိုးအကာ လိုအပ်ချက်များလည်း ရှိနေသည်ဟု မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ရက်(SBHN) က ဆိုသည်။
ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲကြောင့်နှင့် စစ်ကောင်စီစစ်ကြောင်းထိုးတာ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တာ၊ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြီးခဲ့သည့် မေလကုန်ပိုင်းခန့်က ဒေသခံပြည်သူလူ ၁၇၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။







