စီတာပူရပ်ကွက် ဓါးပြ ၃ ဦး ဖမ်းဆီးရမိ၊ တပ်မိသားစုဝင်တစ်ဦး ပါဝင်တယ်လို့ဆို

စီတာပူရပ်ကွက် ဓါးပြ ၃ ဦး ဖမ်းဆီးရမိ၊ တပ်မိသားစုဝင်တစ်ဦး ပါဝင်တယ်လို့ဆို

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာ ဓါးပြ ၃ ဦးဖမ်းဆီးရမိပြီး အဲဒီထဲမှာ တပ်မိသားစုတစ်ဦးပါဝင်တယ်လို့ မြို့ခံတွေပြောပါတယ်။

ဖြစ်စဉ်မှာ မေလ ၁၃ ရက်ည ၉ နာရီဝန်းကျင် စီတာပူရပ်ကွက် KBC ဘုရားကျောင်းရှေ့မှာ လူငယ် ၃ ဦးက ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ဦးကို တားဆီးပြီး ဆိုင်ကယ်ဝိုင်းလု ဓါးမြတိုက်နေချိန် အနီးပတ်ဝန်းကျင်လူတွေနဲ့ လမ်းသွားလမ်းလာသူတွေ ဝိုင်းဖမ်းဆီးကြရာမှာ ဘုရားကျောင်းအကျော် ဂျပန်တံတားလမ်းကြားမှာ ဖမ်းဆီးရမိတာလို့ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“ဘုရားကျောင်းရှေ့မှာ အမျိုးသမီးဆိုင်ကယ် ဝိုင်းလုနေလို့ ဝိုင်းဖမ်းကြတာတဲ့ ဖမ်းရမိတော့ မေးကြတာ ပမ္မတီးဘက် စစ်တပ်ဝင်းထဲက တပ်မိသားစုဝင်တစ်ယောက်ပါတယ်။ ကျန်တဲ့နှစ်ယောက်တော့ အပြင်လူတွေလို့ သိရတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ဓါးပြ ၃ ဦးဟာ ခေတ်လက်ဖက်ရည်ဆိုင်က ဝန်ထမ်းတွေဖြစ်တယ်လို့သိရပြီး ဒေသခံတွေက ရဲလက်အပ်လိုက်ပြီလို့ သူက ဆက်ပြောပါတယ်။

ဆိုင်ကယ်အလုခံရတဲ့ အမျိုးသမီးကတော့ ဓါးပြ ၃ ဦးရဲ့ ရိုက်နှက်ခြင်းခံရတာကြောင့် အနည်းငယ် ထိခိုက်ဒဏ်ရာရပေမယ့် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမြို့ကြီးတွေမှာ ခိုးဆိုးလုယက်မှု များလာသကဲ့သို့ မြစ်ကြီးနားမြို့ပေါ် လူနေအိမ်၊ စျေးဆိုင်၊ လမ်းမပေါ်၊ ရွှေဆိုင်တွေမှာ လုယက်မှု၊ ဓါးပြမှုအပြင် လူသတ်မှုတွေ မကြာခန ဖြစ်ပေါ်လျက်ရှိနေပါတယ်။

ခိုးဆိုးလုယက်သူတွေဟာ ခိုးရာပါပစ္စည်းတွေကို တရားမဝင်အပေါင်ဆိုင်များနှင့် second အရောင်းဆိုင်လို့ လူသိများသည့် တစ်ပတ်ရစ်ဆိုင်တွေမှာ အဓိကရောင်းချကြပြီး ဝယ်ယူသူများအနေဖြင့်လည်း ပစ္စည်းတန်းဖို့ရဲ့ တစ်ဝက်စျေးပေးကာ ဝယ်ယူနေကြသလို လောင်းကစားရုံတွေမှာလည်း အပေါင်လက်ခံတာရှိတယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။

ဒါ့အပြင် ခုလိုခိုးဆိုးလုယက်၊ ဓါးပြတိုက်ခံရမှု များလာတာဟာ အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးနိုင်ခြင်းမရှိတဲ့အပြင် မူးယစ်ဆေးဝါးနဲ့ လောင်းကစားရုံတွေ များလာတဲ့ နောက်ဆက်တွဲဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးကလည်း ခုလိုပြောပါတယ်။

“ခု မြစ်ကြီးနား အဲခေမာသိရိရပ်ကွက် လမ်းတစ်လျှောက်မှာတောင် လောင်းကစားလုပ်လို့ရတဲ့နေရာ ၄ ခုလောက်ရှိတယ်။ ပြီးတော့ လောင်းကစားရုံတွေက အပေါင်လည်းလက်ခံတယ်။ မူးယစ်ဆေးဝါးလည်းရတော့ ခိုးဆိုးလုယက်မှုက ပိုဆိုးလာတာပေါ့” လို့ ပြောပါတယ်။

KNG ရဲ့ စုစည်းထားတဲ့စာရင်းအရ မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊ မေလ ၆ ကြိမ်ထိ ရှိခဲ့ပါတယ်။

ဒီအချက်လက်ဟာ KNG က စုစည်းထားတဲ့အချက်တွေသာဖြစ်ပြီး မြေပြင်နဲ့ ကွဲလွှဲမှုအများကြီးရှိနိုင်ပါတယ်။

အကြောင်းအရင်းတစ်ခုကတော့ ကချင်ဒေသမှာ ဖုန်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့အတွက် မြေပြင်အချက်သိရဖို့ ခက်ခဲနေဆဲကြောင့်ဖြစ်ပါတယ်။

Data For Myanmar ရဲ့ ပြုစုထားချက်အရ အာဏာသိမ်းပြီး ၃ နှစ်အတွင်း မြန်မာနိုင်ငံတဝန်း ဘဏ်တွေ ဝင်ရောက်လုယက်ခဲ့တဲ့ဖြစ်စဉ် ၂၅ ခုနဲ့ ရွှေဆိုင် လုယက်မှုဖြစ်စဉ် ၅၇ ခုရှိခဲ့တယ်လို့ သိရပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...