မွန်ပြည်နယ် လူပျောက်မှုဖြစ်စဉ်တွင် သက်ဆိုင်ရာတို့ လိုက်လံကူညီဆောင်ရွက်ပေးခြင်းမရှိ

မွန်ပြည်နယ် လူပျောက်မှုဖြစ်စဉ်တွင် သက်ဆိုင်ရာတို့ လိုက်လံကူညီဆောင်ရွက်ပေးခြင်းမရှိ

မွန်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် လူပျောက်မှုဖြစ်စဉ်တို့ စိုးရိမ်ရသည့် အခြေနေဖြစ်သော်လည်း သက်ဆိုင်ရာ စစ်ကောင်စီ ရဲတပ်ဖွဲ့တို့မှ လိုက်လံကူညီဆောင်ရွက်ပေးခြင်းများ မလုပ်ဆောင်ပေးကြောင်း မော်လမြိုင်မြို့ခံတို့က ဆိုသည်။

လူပျောက်ရှာဖွေရေး ဆောင်ရွက်နေသူတို့၏ ပြောဆိုချက်အရ မော်လမြိုင်မြို့ပေါ်တွင် မှုခင်းနှင့် ဆက်နွယ်မှုရှိသည့် လူပျောက်မှုတိုင်ကြားမှု တစ်ရက်တွင် လေးခုထက်မနည်းရှိနေကြောင်း သိရသည်။

လူပျောက်ဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းတို့ထံ သွားရောက်တိုင်ကြားစဉ် ငွေကြေးကြိုတင်တောင်းယူခြင်းတို့အပြင် မြေပြင်တွင် စုံစမ်းရှာဖွေခြင်း မလုပ်ဆောင်နေသည့်အတွက် လက်ရှိ လူပျောက်မှုဖြစ်စဉ် ပိုများလာသည့်အခြေနေတွင် ပြည်သူတို့ အကူအညီပိုမိုလိုအပ်လာကြောင်း မော်လမြိုင်မြို့ပေါရှိ ပရဟိအရေးလုပ်ဆောင်နေသူတစ်ဦးက ဆိုသည်။

၎င်းက “လူပျောက်မှုအရာအားလုံးက အမှုခင်းနဲ့ဆက်စပ်နေတယ်။ ဆက်စပ်နေတဲ့အခါကျတော့ ပြည်သူတွေက အားကိုးတစ်ကြီးနဲ့ လာရောက်တိုင်ကြားလျှင် စိတ်ပါဝင်စားစွာနဲ့အားစိုက်ပြီးတော့ လုပ်ပေးသင့်တာပေါ့နော်။ ပျောက်ပြီးတော့ အလောင်းပေါ်မှ အလုပ်လုပ်တာမျိုးတို့ အွန်လိုင်းပေါ်မှာ တကြွကြွဖြစ်ပြီးမှ စုံစမ်းတာမျိုးတို့ ကတော့ မဖြစ်သင့်ဘူးလေ၊ ပြည်သူတွေ အားကိုးတစ်ကြီးနဲ့လာရောက်တိုင်ကြားတဲ့အချိန်မှ သက်ဆိုင်ရာတွေက အလုပ်လုပ်ပေးပါ” ဟု ဆိုသည်။

စစ်ကောင်စီခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းဖွင့်လှစ်နေထားသည့် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်မြို့နယ်အတွင်းနှင့် စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ရေး၊ ကျိုက်ထို၊ သထုံ၊ ဘီးလင်းမြို့နယ်တို့မှ ကလေးငယ်များအပါအဝင် လူငယ်များနှင့် အသက်ကြီးပိုင်းလူများ မကြာခဏ ပျောက်ဆုံးနေကြောင်း လူပျောက်ဟစ်တိုင်မှ အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် မေ ၂၁ ရက်နေ့တွင်လည်း မော်လမြိုင်မှ ရန်ကုန်သို့ ကားအငှားလိုက်သွားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ၅ ရက်ကျော်ကြာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းလည်း သိရသည်။

ရက်ရှည်ကြာပျောက်ဆုံးသူအများစုတို့ အသက်ဘေးကြုံတွေနိုင်သည့် အခြေအနေများနေသဖြင့် လူငယ်အပါအဝင် ကျောင်းအနေအရွယ်ကလေးများကို လာမည့် ကျောင်းဖွင့်ရာသီတွင် မိဘအုပ်ထိန်းသူတို့ ကျောင်းသွားကျောင်းပြန် အထူးဂရုပြုရန်လိုအပ်ကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက တိုက်တွန်းပြောဆိုသည်။

“အမှန်မှာက မိဘနဲ့ပတ်ဝန်းကျင်က အရမ်းအရေးကြီးလာပြီးပေါ့နော်။ သားသမီးရှိတဲ့ မိဘတွေက ဒါတွေကို သတိထားရမယ်။ ဒီအချက်ကို စိတ်ပူသင့်တယ်။ ကြိုတင်ကာကွယ်မှုတွေ ကျောင်းသွားကျောင်းလာကအစ သတိထားလာရတော့မယ်။ ခါတိုင်း လက်လွတ်စပယ်ပို့လိုက်မဖြစ်တော့ဘူး။ အသွားအလာတာကအစ ဒီလိုမျိုး သတိထားမှ စောင့်ကြည့်တဲ့သူ ရှိလာမှ အပျောက်အရှက နည်းလာမှာပေါ့နော်” ဟု ဆိုသည်။

ပဲခူးမြို့တွင် ပြီးခဲ့သည့် မေ ၂၃ ရက်နေ့က ပြန်ပေးဆွဲခံရသည့် အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်တွင် မိဘအုပ်ထိန်းသူတို့အတွက် ထိန့်လန့်ဖွယ်ဖြစ်ရကြောင်းလည်း ဆက်ပြောသည်။

အလားတူ မွန်ပြည်နယ်တွင် စစ်ကောင်စီအစိုးရအဖွဲ့မှ လောင်းကစားဝိုင်းကျယ်စွာ ဖွင့်လှစ်ခွင့်ပြုထားသည့်နောက်ပိုင်းတွင် ခိုးဆိုးလုယက်မှုအပြင် လူပျောက်ခြင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရမှုတို့ တိုးလျှက်ရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း တရားဥပဒေစိုးမိုးပျက်ပြားမှုများလာသည်နှင့်တစ်ပြိုင်နက် ရပ်ရွာလူမှုပတ်ဝန်းကျင်တွင် လက်သည်မပေါ်သည့် သတ်ဖြတ်မှု၊ နောက်ခံအကြောင်းအရာကြောင့် သတ်ဖြတ်ခြင်းအမှု စသည့်တိုကို စစ်ကောင်စီတပ်ဖွဲ့အပြင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့လည်း ပေါ်ပေါ်ထင်ထင် ကျူးလွန်နေကြောင်း လူ့အခွင့်ရေးလှုပ်ရှားသူတို့က ဆိုသည်။

Most read this week

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...