သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ် ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ရသည်။
ထိုသို့ ပြိုကျပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်ဖြိုဖျက်ခြင်း၊ ပြန်လည်ပြုပြင် တည်ဆောက်မှုများ ပြုလုပ်နေရခြင်းကြောင့် အင်းလေးဒေသခံများ၏ အဓိကဝင်ငွေဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းများ ရပ်နားထားရခြင်းကြောင့် လက်ရှိအချိန်ထိ နလံပြန်မထူနိုင်သေးကြောင်း အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“စိုက်ပျိုးရေးက ရေကြီးပြီးကတည်းက အသေအချာ ပြန်မလုပ်ရသေးဘူး။ အချို့တွေက ပြန်လုပ်တာမကြာဘူး ငလျင်ထပ်လုပ်တော့ အကုန်လုံး သူ့အိမ်ကိုယ့်အိမ်နဲ့ ရှုပ်နေကြတော့ အများကြီး စိုက်ကြတဲ့လူက လက်လွတ်လိုက်ရတယ်။ နည်းနည်းလုပ်တဲ့ လူတွေကလည်း ခရမ်းချဉ်သီးတွေ ရသလောက်လေး ပြန်ယူထားရတာပေါ့။ လက်ရှိအချိန်ထိ စိုက်ပျိုးရေး လုပ်ဖို့ကလည်း အဆင်မပြေသေးဘူး” ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုနှစ်တွင် ခရမ်းချဉ်သီးအပြင် စိုက်ခင်းများစွာ စိုက်ပျိုးထားသည့် ဒေသခံများသည် ဆုံးရှုံးမှုများပြီး၊ အချို့သည် အရင်းအနှီးများပါ ဆုံးရှုံးသည်အထိ ရှိနေကြောင်း အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ဆိုသည်။
“လုပ်လိုက်ရတာပဲရှိတယ်၊ ခရမ်းချဉ်သီးတွေ စိုက်တဲ့လူ အကုန်လုံးက ရှုံးတယ်။ ဈေးနှုန်းလည်း မရှိဘူး။ အထွက်လည်းမကောင်း၊ သူ့အချိန်နဲ့သူ မဟုတ်တော့ ရှုံးတယ်။ အမြတ်တော့ ပြောမနေနဲ့ အရင်းကို ပြန်မရဘူး။ ရေကြီးပြီးကတည်းက ဒီလိုတွေဖြစ်နေတာ” ဟု အင်းလေးဒေသခံ ၎င်းအမျိုးသမီးက ပြောသည်။
အင်းလေးဒေသသည် စီးပွားဖြစ် ခရမ်းချဉ်သီး အဓိကစိုက်ပျိုးကြပြီး ကြားကာလတွင်လည်း ရာသီပေါ်သီးနှံများဖြစ်သည့် ဘူးသီး၊ သခွားသီးများအပြင် အချို့သော သီးပင်စားပင်များလည်း စားဝတ်နေရေးအတွက် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။
ရေကြီးသည့် ဒဏ်နှင့် ငလျင်ဒဏ်များ သင့်ခဲ့သည့် အင်းလေးဒေသခံများသည် လက်ရှိတွင် ဝင်ငွေအတွက် ကျေးရွာအတွင်းရှိ ဆောက်လုပ်ရေးအလုပ်များတွင် နေ့စားအငှားလိုက်သည့် အလုပ်ဖြင့် ဝင်ငွေရှာနေရပြီး အများစုသည့် အလုပ်လက်မဲ့ဖြစ်နေကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် လှေများလည်း ပျက်စီးမှုရှိခဲ့သည့်အတွက် အချို့ဒေသခံများသည် ငါးဖမ်းသွားရန် အခက်အခဲများလည်း ကြုံတွေ့နေရကြောင်း သိရသည်။
အင်းလေးဒေသအတွင်း ငလျင်ဒဏ်ကြောင့် ရွာပေါင်း ၃၀ ဝန်းကျင်ခန့်၊ နေအိမ် ၃၅၀၀ ထက်မနည်း ပျက်စီးခဲ့ရပြီး ရွာတိုင်းနီးပါး သောက်ရေ သုံးရေ အခက်အခဲများ ကြုံတွေ့နေရပြီး၊ ကေလာ၊ နမ့်ပန်၊ ဇရပ်ကြီး၊ ရှေ့ဝကြီး စသည့် ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျောရောဂါများ စတင်ကြုံတွေ့နေရကြောင်း အင်းလေးဒေသခံများကပြောသည်။







