ညောင်လေးပင်နှင့် သထုံခရိုင်ကြားရှိ ကျေးရွာများကို စစ်ကောင်စီ လက်နက်ကြီးနှင့် လေကြောင်းသုံးတိုက်ခိုက်

ညောင်လေးပင်နှင့် သထုံခရိုင်ကြားရှိ ကျေးရွာများကို စစ်ကောင်စီ လက်နက်ကြီးနှင့် လေကြောင်းသုံးတိုက်ခိုက်

KNU - ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်နှင့် သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် အကြားရှိ ကျေးရွာများကို ယခု ဧပြီလ နောက်ဆုံးအပတ်မှစတင်ကာ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းသုံးတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း KNU သတင်းအရင်းအမြစ်နှင့် ဒေသခံတို့ထံမှ သိရသည်။

ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာ၌ စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ပူးပေါင်းတပ်များအကြား ဧပြီလ ၂၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကွမ်းဆိပ်၊ ညောင်ခြေထောက်၊ ဝင်းကံ အစရှိသည့် ကျေးရွာများအပါအဝင် ကျိုက်ထိုမြို့နယ်အတွင်း ကျသည့် ခရွှဲ၊ ပျဥ်းကတိုးကုန်း၊ ပိန္နဲကုန်း စသော ကျေးရွာများသို့ပါ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျိုက်ထိုနှင့် ရွှေကျင်အစပ်၊ သူ့ကြားက ရွာတွေကို လိုက်ပစ်နေတာ။ ခရွဲတို့ဘာတို့ဆို တပ်မဟာ (၃) နဲ့ နီးသွားပြီး လေယာဥ်တက်လာရင်လည်း ကျိုက်ထိုဘက်က သွားတာကို။ သူပစ်တဲ့အလုံးတွေက ရွာအနီးအနားတွေကို ကျတော့ ရွာသားတွေက မနေရဲဘူး။ လေယာဥ်ကလည်း အရမ်းလာတယ်။ ဒီ တစ်ရက်နှစ်ရက်က ပိုဆိုးတယ်။ မနေ့ကလည်း နေ့လည်ဘက်ကြီး ပိန္နဲကုန်းရွာဘက်တစ်ကြောပေါ့၊ လေယာဥ် လာကြဲသွားသေးတယ်” ဟု ကျိုက်ထိုဒေသခံ အမျိုးသမီးက ပြောသည်။

ရွှေကျင်ဘက်ခြမ်းရှိ ဖော်ပြပါရွာများ ဘေးလွတ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေရသလို ကျိုက်ထိုဘက်ရှိ ဒေသခံများမှာလည်း သိမ်ဇရပ်နှင့် ကျိုက်ထိုမြို့ပေါ်သို့ စစ်ရှောင်တိမ်းကြရကြောင်း ကိုယ်တိုင်သိရှိသည့် အဆိုပါ ကျိုက်ထိုဒေသခံ အမျိုးသမီး၏ ဆက်လက်ပြောဆိုမှုအရ သိရသည်။

လတ်တလောစစ်ရှောင်နေရသည့် မြို့နယ်နှစ်ခုမှ စုစုပေါင်းလူဦးရေစာရင်းကို စုံစမ်းနေဆဲဖြစ်သော်လည်း KNU - ဗဟို၏ ယမန်နေ့က ရွှေကျင်စစ်ရှောင်စာရင်းထုတ်ပြန်ချက်တွင် ရွှေကျင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ကွမ်းဆိပ်ရွာအပါအဝင် ရွာပေါင်း ၇ ရွာမှ စစ်ရှောင်ဦးရေ ၄ ထောင်ကျော်ရှိကြောင်း ဖော်ပြထားသည်။

ထို့အတူ ကျိုက်ထိုမြို့နယ်၊ ခရွှဲရွာအနီးတဝိုက်နှင့် ဒေသခံလုပ်ငန်းခွင်နေရာသို့ ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့က စစ်ကောင်စီ၏ လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့သလို တဆက်တည်းတွင် ပျဥ်းကတိုးကုန်းကျေးရွာအုပ်စု၊ ရွှေခဲရိုးရွာအနီး ရော်ဘာခြံအတွင်း ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းလည်း KNU ၏ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်ထံမှ သိရသည်။

ဧပြီလ နောက်ဆုံးအပတ်အတွင်း ဖြစ်ပျက်ခဲ့သည့် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ဖော်ပြပါ မြို့နယ်နှစ်ခုပေါင်း ဒေသခံ ထိခိုက်သေဆုံးမှုစာရင်းအား ကေအိုင်စီက ဆက်လက်စုံစမ်းလျက်ရှိသည်။

April 4, 2026
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး...
Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...