မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် စစ်ကောင်စီတိုက်ခိုက်

မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် စစ်ကောင်စီတိုက်ခိုက်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ကို ယမန်နေ့ ညနေက စစ်ကောင်စီသည် ဂျက်ဖိုက်တာအသုံးပြု၍ ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁ ရက် ညနေပိုင်း ၆ နာရီ ၂၅ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

“စစ်ကောင်စီက ဘယ်လိုကြောင့် ကြဲတာလဲတော့ မသိဘူးခင်ဗျ။ ကြဲတဲ့နေရာနဲ့ ကြဲတဲ့အချိန်ပဲ သိပါတယ်။ နေအိမ်က ၂ လုံး၊ ၃ လုံးကတော့ အကြီးအကျယ် ပျက်စီးသွားတယ်။ တခြား အနည်းငယ်ပျက်စီးတာတွေလည်း ရှိပါလိမ့်မယ်” ဟု ကိုယောမာန်က ပြောသည်။

ညနေ ၆ နာရီ ၂၅ မိနစ်မှာ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ညပိုင်း ၁၀ နာရီခွဲတွင်လည်း တစ်ကြိမ် ထပ်မံဗုံးကြဲခဲ့သည်ဟု သိရသည်။

ယင်းတိုက်ခိုက်မှုတွင် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ မြို့ပေါ်နေ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး နှိုးဆော်ထားသည်။

ဖေဖော်ဝါရီလ ၁၁ ရက်မှစတင်၍ မင်းတပ်မြို့ပေါ်က အိုးအိမ်စွန့်ခွာရသည့် စစ်ရှောင်ပြည်သူများကို ပြန်လည်နေရာချထားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF - မင်းတပ်က ဆောင်ရွက်နေကြောင်း သိရသည်။

မင်းတပ်မြို့ပေါ်ကို ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်လာကြပြီဖြစ်ကြောင်း ဒေသခံပြည်သူတချို့ထံမှ သိရသည်။

မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က အပြီးသတ် သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီ ကင်းစင်ဒေသအဖြစ် ကြေညာထားသော်လည်း စစ်ကောင်စီသည် မတ်လ အစပိုင်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်နေသည်။

မတ်လ ၂၈ ရက်မှာ ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိသည့် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် နိုင်ငံတဝန်း ထိခိုက်သေဆုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများ ပမာဏများပြားနေချိန်တွင် ငလျင်ဘေးအန္တရာယ် အရေးပေါ်ကာလအတွင်း စစ်ကောင်စီအနေဖြင့် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် ချင်းတော်လှန်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့က ထုတ်ပြန်ထားသည်။

March 16, 2026
ချင်းပြည်နယ်၊ တွန်ဇံမြို့နယ်တွင် လှုပ်ရှားနေသော Zomi Revolutionary Army- Eastern Command (ZRA-EC...
March 14, 2026
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ အခြားအင်အားစုများနှင့် လက်တွဲပြီး “ဖက်ဒရယ်...
March 12, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံပြီး...
March 11, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှု...