စစ်မြေပြင်အနီးက တရုတ်စီမံကိန်းများ လည်ပတ်ဆဲ

စစ်မြေပြင်အနီးက တရုတ်စီမံကိန်းများ လည်ပတ်ဆဲ

ပုံစာ - ကျောက်ဖြူမြိုနယ် မဒေးကျွန်းရှိ တရုတ်စီမံကိန်းကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက်မှ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေသော်လည်း တရုတ်စီမံကိန်းရှိသော မဒေးကျွန်းက လုပ်ငန်းခွင်များမှာ ပုံမှန်လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။

မဒေးကျွန်းတွင် ရေနံသိုလှောင်စက်ရုံ၊ ရေနံသန့်စင်စက်ရုံတို့မှာ လုပ်ငန်းရပ်နားခြင်းမရှိဘဲ တရုတ် ရေနံတင်သင်္ဘောကြီးများ ဆိုက်ကပ်ပြီး ပုံမှန်လည်ပတ်နေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

“ဖေဖော်ဝါရီ ဒုတိယပတ်လောက်ကနေစပြီးတော့ ရေနံတင်သင်္ဘော ၃ စီး ရှေ့ဆင့်နောက်ဆင့် ရောက်တယ်။ အဲဒီသင်္ဘောက ရေနံတွေကို သိုလှောင်ရုံနားမှာ ချနေတယ်။ ရေနံတွေကိုလည်း ပိုက်လိုင်းကနေ ပုံမှန်ပို့နေတယ်။ သင်္ဘောတွေကတော့ ဒီလကုန်မှ ပြန်ထွက်မယ်လို့ သိရတယ်” ဟု မဒေးကျွန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်ဖြူ မဒေးကျွန်းတွင် ရေနံပိုက်လိုင်းနှင့် မလကျွန်းကျေးရွာရှိ ဓာတ်ငွေ့သန့်စင်စက်ရုံ (OGT) မှ ဖြတ်သန်းလာသော ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းများရှိသည်။

ယင်းကျွန်းမှတဆင့် မြို့ချောင်းကျွန်းနှင့် အမ်းမြို့နယ်ကိုဖြတ်၍ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများကို တရုတ်နိုင်ငံသို့ သွယ်တန်းထားခြင်းဖြစ်သည်။

လတ်တလော တိုက်ပွဲပြင်းထန်နေသော ဓညဝတီရေတပ်ဌာနချုပ်သည် မဒေးကျွန်းနှင့် အဖြောင့် မိုင် ၄ မိုင်ခန့်သာဝေးပြီး ဒေသအခေါ် ကုလာဘာမြစ်သာ ခြားထားသည်။

“အခု တိုက်ပွဲဖြစ်နေတဲ့နေရာက မဒေးကျွန်းနဲ့ သိပ်မဝေးဘူး။ ဒါပေမဲ့ လုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပုံကြည့်ရင် စစ်ကောင်စီရယ်၊ တပ်တော်ရယ် ပြီးတော့ တရုတ်နဲ့ကြားမှာ အဲဒီလုပ်ငန်းခွင်တွေ မထိခိုက်ဖို့ ညှိနှိုင်းထားတာမျိုးတွေ ရှိနေလို့ဖြစ်မယ်” ဟု နောက်ထပ် မဒေးကျွန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့အထိ မဒေးကျွန်းတွင် လက်နက်ကြီးများ ကျရောက်မှုမရှိသော်လည်း OGT စက်ရုံနှင့် မဒေးကျွန်းကြားရှိ ကြတ္တိန်၊ ဦးကင်း၊ ထောင့်ချောင်းကျေးရွာတို့မှ ဖြတ်သန်းသွားသည့် ဓာတ်ငွေ့ပိုက်လိုင်းအနီးတွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုများရှိကြောင်း ဒေသခံများကဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် ရထားလမ်း၊ ကားလမ်း၊ ရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ အထူးစီးပွား‌ရေးဇုန် (SEZ) နှင့် ဆက်စပ်သော စီမံကိန်းများပြုလုပ်ရန် စစ်ကောင်စီနှင့် တရုတ်ကြား သဘောတူညီမှု ရရှိထားသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်မှု မရရှိသေးသော်လည်း ရေနံပိုက်လိုင်းနှင့်‌ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းများပေါ်မှ စစ်ကောင်စီသည် ဒေါ်လာသန်းနှင့်ချီသော အကျိုးအမြတ်ရနေသည်။

May 18, 2026
စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊...
May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...