တိုက်ပွဲများကြောင့် ပြည်မဘက်တွင် စစ်ဘေးရှောင်နေကြသည့် ရခိုင်မှ စစ်ဘေးရှောင်များမှာ နေရပ်ပြန်စဉ် လမ်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားရာမှ အဆက်အသွယ်မရဘဲ ပျောက်ဆုံးမှုများပြားလာနေသည်ဟု သိရသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့သော တောင်ကုတ်၊ ဂွ၊ အမ်းနှင့် သံတွဲစသည့် မြို့သိမ်းတိုက်ပွဲများကြောင့် အဆိုပါဒေသများမှ ဒေသခံများသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့ရှိ မြို့နယ်များတွင် ခိုလှုံစစ်ဘေးရှောင်လျက်ရှိသည်ဟု သိရသည်။
ထိုသို့ စစ်ဘေးရှောင်တိမ်းနေကြသည်မှာ ကိုးလခန့်ကြာမြင့်လာပြီဖြစ်၍ နေထိုင်စားသောက်ရ ခက်ခဲလာခြင်း၊ အလုပ်အကိုင်မရှိခြင်း၊ စစ်ကောင်စီတပ်၏ စစ်မှုထမ်းစုဆောင်းခြင်း၊ ရှောင်တခင် ဧည့်စာရင်းဝင်ရောက်စစ်ဆေး၍ လုံခြုံမှုမရှိတော့ခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
တစ်ဖက်တွင်လည်း မိမိအရပ်ဒေသတို့တွင် တိုက်ပွဲများ မရှိတော့ခြင်း၊ အာရက္ခတပ်တော် (AA) က မြို့ထဲတွင် ဝင်ရောက်နေထိုင်ခွင့်ပြုလိုက်ခြင်းတို့ကြောင့် ရခိုင်မှ စစ်ဘေးရှောင်အများစုမှာ မိမိဒေသသို့ ရရာနည်းလမ်းမျိုးစုံဖြင့် နေရပ်ပြန်လာနေကြသည်ဟု သိရသည်။
ယင်းသို့ ပြန်လာရာတွင် ရခိုင်ရှိ မိမိတို့နေရပ်သို့ ရောက်ရှိလာသူများလည်းရှိသလို လမ်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးပြီးနောက် မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများလည်း အများအပြားရှိလာနေခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ဧရာဝတီတိုင်းမှ ရခိုင်စစ်ဘေးရှောင်တစ်ဦးက "ပြည်မဘက်မှာ စစ်ရှောင်နေကြသူတွေက ကိုယ့်ဒေသမှာ တိုက်ပွဲမရှိတော့လို့ လုပ်ကိုင်စားသောက်ဖို့ နေရပ်ပြန်ကြတယ်။ လမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေ အများကြီးရှိတယ်။ အဲဒီဂိတ်တွေမှာ စစ်ဆေးဖမ်းခံရပြီး ပျောက်ဆုံးတာတွေ ပိုများလာတယ်။ သတင်းတွေကြားနေရတယ်။ စာရင်းအတိအကျတော့ မရနိုင်ဘူး" ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စစ်ရှောင်နေကြသည့် အမျိုးသမီးများအပါအဝင် ရခိုင်မှစစ်ဘေးရှောင် ၂၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်။
ထို့အတူ ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့ဘက်မှ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်သို့ နေရပ်ပြန်လာသည့် စစ်ရှောင် ၁ဝ ကျော်ကိုလည်း စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့က ဖမ်းဆီးလိုက်ပြီး ပြန်လွတ်မလာသေးဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။
ယင်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ဧရာဝတီတိုင်းဘက်မှ ရခိုင်သို့ပြန်သည့် မရမ်းချိုကျေးရွာအနီးရှိ လမ်းတွင် စစ်ကောင်စီတပ်က ၁၁/မှတ်ပုံတင်ကတ် ကိုင်ဆောင်သူများဆိုလျှင် လူကြီး၊ လူငယ်မရွေး စစ်ဆေးမေးမြန်းစရာများရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားရာမှ ပျောက်ဆုံးသူများလည်းရှိသည်ဟု ဧရာဝတီတိုင်းမှ ရခိုင်စစ်ဘေးရှောင်တစ်ဦးက ဆက်ပြောသည်။
နေရပ်ပြန်စဉ် လမ်းတွင်ပျောက်ဆုံးနေကြသည့် ရခိုင်စစ်ဘေးရှောင်များမှာ အမ်း၊ ဂွနှင့် သံတွဲစသည့်မြို့နယ်တို့မှ အများဆုံးဖြစ်သည်ဟုလည်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ရန်ကုန်မှ အခက်အခဲအမျိုးမျိုးကြောင့် ရခိုင်သို့ နေရပ်ပြန်ရန်ကြိုးစားသည့် ရခိုင်ဒေသခံလူငယ် ၁၀၀ ကျော်ခန့်ကို ရန်ကုန်မြို့အထွက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားသည်ဟု Rangoon Scout Network ၏ ထုတ်ပြန်ချက်အရ သိရသည်။







