ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ

ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ

ပုံအညွှန်း - ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်က စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားသည့် ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ကျေးရွာမှ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - APM

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်ကျေးရွာကို စစ်ကောင်စီက ယမန်နေ့ (မတ် ၁၃)၊ နေ့လည် ၁ နာရီကျော်တွင် ဒရုန်းဖြင့် ထပ်မံဗုံးကြဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

မတ်လ ၇ ရက်မှ ၁၃ ရက်အထိ ၇ ရက်အတွင်း ကြတ္တိန်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် အထိ ပြုလုပ်ခဲ့သည်။ ထိုဗုံးကြဲမှုဖြစ်စဉ်အတွင်း ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကာ ဘာသာရေးအဆောက်အဦးအပါအဝင် နေအိမ် ၅၀ ကျော်နှင့် ဆန်ရိက္ခာ ၂,၅၂၅ အိတ် မီးလောင်ပျက်စီး သွားခဲ့သည်။

ယမန်နေ့က ကြတ္တိန်ကျေးရွာကို ဗုံး ၆ လုံး ကြဲချခဲ့သောကြောင့် အသက် (၆၁) နှစ်အရွယ် ဦးပေါက်စဆိုသူမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

"မနေ့က ၁ နာရီကျော်လောက်မှာ ဓညဝတီရေတပ်ကနေ ဗုံး ၆ လုံးကြဲချခဲ့တယ်။ ဒေသခံတစ်ဦးသေပြီးတော့ တစ်ဦး ဒဏ်ရာရရှိ သွားတယ်။ နေအိမ် ၁၀ ကျော်လောက် မီးလောင်ပျက်စီးသွားတယ်" ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မတ်လ ၁၂ ရက်၊ နေ့လည်ပိုင်းကလည်း ကြတ္တိန်ကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကြဲချခဲ့မှု ကြောင့် ဘုန်းတော်ကြီးကျောင်း ပျက်စီးသွားပြီး မတ်လ ၁၁ ရက်ကလည်း ကြတ္တိန်ရွာကို ဗုံးကြဲမှုကြောင့် နေအိမ် ၄ လုံး ပျက်စီးကာ သိုလှောင်ထားသည့် ဆန်ရိက္ခာအိတ် ၂၃၇ အိတ် မီးလောင်ဆုံးရှုံးသွားခဲ့သည်။

အလားတူ မတ်လ ၉ ရက်က ကြတ္တိန်ရွာကို ဗုံးကြဲမှုကြောင့် နေအိမ် ၁၄ လုံး ပျက်စီးကာ ဆန်ရိက္ခာအိတ် ၉၃၇ အိတ် မီးလောင် ဆုံးရှုံးသွားသည့်အပြင် မတ်လ ၇ ရက်တွင်လည်း ကြတ္တိန်ရွာကို ဗုံးကြဲမှုကြောင့် နေအိမ် ၂၇ ဆောင်ပျက်စီးကာ ဆန်အိတ် ၁,၃၅၀ ပျက်စီးခဲ့ရသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပို၍ အသုံးပြုတိုက်ခိုက်လာသဖြင့် နေအိမ်မီးလောင်ပျက်စီးမှု မြင့်တက်လျက်ရှိသည်။

ကျောက်ဖြူဒေသခံတစ်ဦးက "စစ်ကောင်စီဟာ ကျောက်ဖြူမှာ ရည်ရွယ်ချက်ရှိရှိနဲ့ မီးလောင်တိုက်သွင်း နေတာဖြစ်လို့ ‌မြို့အနီးမှာရှိတဲ့ နောက်ထပ် ကျေးရွာတွေဟာလည်း စိုးရိမ်နေရတဲ့ အ‌ခြေအနေမျိုး ရှိနေပါတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်မြို့နယ်တွင် တိုက်ပွဲစတင်သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်မှ မတ်လ ၁၃ ရက်ထိ စစ်ကောင်စီလေကြောင်းနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဦးကင်း၊ ကြတ္တိန်၊ ကပ်သပြေစသည့်ကျေးရွာမှ နေအိမ် ၂၀၀ ကျော်အထိ မီးလောင်ပျက်စီးခဲ့သည်။

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...