ကျောက်ဖြူတိုက်ပွဲကြောင့် စစ်ဘေးရှောင် လေးထောင်နီးပါး တိုးလာ

ကျောက်ဖြူတိုက်ပွဲကြောင့် စစ်ဘေးရှောင် လေးထောင်နီးပါး တိုးလာ
တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - CJ
တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - CJ

တရုတ်စီမံကိန်းတည်ရှိသည့် ကျောက်ဖြူမြို့နယ်တွင် ဒေသတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၄,၀၀၀ နီးပါးအထိ တိုးလာနေပြီး စားနပ်ရိက္ခာ၊ ကျန်းမာရေးစသည့် အရေးပေါ်အကူအညီများ လိုအပ်ချက် မြင့်မားနေကြောင်း ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

လက်ရှိ စစ်ဘေးရှောင်များကို ဘေးလွတ်ရာနေရာများ၌ ယာယီနေရာချထားပြီး စားသောက်ရေးနှင့်ပတ်သက်၍ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးထားသော်လည်း လူဦးရေများပြားမှုနှင့်အတူ အကူအညီရရှိမှု နည်းပါးသဖြင့် အခက်အခဲများ ကြုံနေရခြင်းဖြစ်သည်။

"အခုက စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးတကြီး လိုအပ်နေပါတယ်။ ဒီကာလမှာ စစ်ဘေးမရှောင်ရရင်တောင် မိသားစုတစ်စု စားဝတ်နေရေးက အရမ်းခက်ခဲတာ။ အခုလို နေရပ်ကို စွန်ခွာပြီး ထွက်လာကြသူတွေအတွက် စားဝတ်နေရေးနဲ့ ကျန်းမာရေးက ပိုပြီး စိန်ခေါ်မှုဖြစ်နေတယ်" ဟု ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်များ အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ တာဝန်ခံ ကိုအောင်အောင်က ပြောသည်။

စစ်ဘေးတိမ်းရှောင်လာသူများထဲတွင် ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများလည်းပါဝင်ပြီး အထူးသဖြင့် ဆေးဝါးအရေးတကြီးလိုအပ်နေကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံ၊ ရှောက်ချောင်း၊ စိုင်ခြုံဒွိန်၊ ကတ်သပြေ၊ ပျားတဲ၊ ကြတ္တိန်၊ သပြုတောင်၊ ဦးကင်း၊ မင်းပြင်၊ စည်မော်စသည့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကြောင့် ဘေးလွတ်ရာတိမ်းရှောင်လာကြခြင်းဖြစ်သည်။

"သေတော့မလို အခြေအနေနဲ့ ကြုံခဲ့ရတယ်။ ကိုယ့်စိတ်က သေပြီလားဆိုပြီး ထင်မှတ်သွားတယ်။ ကုသိုလ်ကံ ကောင်းလို့ လွတ်မြောက်လာတာလို့ ပြောရမယ်" ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား ၂၀၂၅ ခုနှစ်ဆန်းပိုင်းမှစ၍ နှစ်ဖက်စစ်ရေး တင်းမာမှုများနှင့်အတူ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှစပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာနေခြင်း ဖြစ်သည်။

တိုက်ပွဲပြင်းထန်လာချိန်မှစ၍ စစ်ကောင်စီက ကျောက်ဖြူမြို့အဝင်/အထွက်ကို တင်းကျပ်လိုက်သဖြင့် မြို့ပေါ်ရှိ ဒေသခံများမှာ ထွက်ခွာ၍မရသဖြင့် ပိတ်မိနေကြသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူဦးရေ ၇ သိန်းကျော်အထိရှိလာနေပြီး ကူညီထောက်ပံ့မှုမရသဖြင့် စားဝတ်နေရေး အကျပ်တည်းများစွာ ကြုံနေကြရသည်။

March 19, 2026
စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့်...
March 18, 2026
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီသည် အသေခံ ဒရုန်းများဖြင့်...
ကျောက်ပန္ဒူ- စေတီပြင် မေယုတောင်ကျော်လမ်းတစ်နေရာကို ၂၀၂၆၊ မတ်လအတွင်း တွေ့ရစဥ်။
March 17, 2026
မောင်တောမြို့နယ်တောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ် မယူကမ်းဒေသတို့ကို ဆက်သွယ်ထားသည့် ကျောက်ပန္ဒူ...
March 16, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ စေတီပြင်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁,...