အိုးဘိုအကျဥ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မရသဖြင့် အသက်သေဆုံးသူ နိုင်ငံရေးအကျဥ်းသား ၂ ဦးရှိလာ

အိုးဘိုအကျဥ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မရသဖြင့် အသက်သေဆုံးသူ နိုင်ငံရေးအကျဥ်းသား ၂ ဦးရှိလာ

မန္တလေးတိုင်းဒေသကြီး၊ အိုးဘိုအကျဥ်း‌ထောင်တွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအနက် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရရှိသဖြင့် ယခု ဖေဖော်ဝါရီလအတွင်း အသက်သေဆုံးခဲ့ရသော အကျဥ်းသား (၂) ဦး ရှိလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် - PPNM ထံမှ သိရသည်။

PPNM ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက် ၆၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီ သေဆုံးခဲ့ရသလို ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင်လည်း နိုင်ငံအကျဥ်းသား ကိုအောင်ထွန်းတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

အိုးဘိုအကျဥ်းထောင်တွင် ထောင်ဒဏ် (၂၂) နှစ်ဖြင့် မတရားဖမ်းဆီးခံထားရသည့် ဒေါစန်းရီသည် သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်း‌ရောဂါတို့နှင့် သေဆုံးသွားခဲ့သည်ဟု သိရသည်။

ထို့အပြင် ပုဒ်မ ၅၀၅  (က) များဖြင့် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသား ကိုအောင်ထွန်းဆိုသူသည်  ခန္ဓာကိုယ်တွင် အနာပေါက်ကာ ‌ရောဂါပိုးဝင်ရောက်မှုကြောင့် အိုးဘိုအကျဥ်း‌ထောင် ဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း PPNM က ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင်  ထုတ်ပြန်ခဲ့သည်။

“အနာကြီး ရောဂါလိုမျိုး ဖြစ်တယ်လို့ ကျနော်တို့ သိထားပါတယ်။ အနာကြီးပေါက်ပြီး ပြည်တွေတည်တာမျိုး ရှိတယ်။ အဲဒီကနေ ရောဂါပိုးဝင်သွားတာ ဖြစ်ပြီးမှ အခြေအနေဆိုးဝါးလာရင်း အကျဥ်းထောင်ထဲမှာ သေဆုံးခဲ့ရတာပါ” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သေဆုံးသူ ကိုအောင်ထွန်းသည် စတင်ဖမ်းဆီးရစဥ် ကျန်းမာရေးကောင်းမွန်သူတစ်ဦး ဖြစ်ပြီး ၎င်း၏ ရောဂါကြောင့် ဆေးကုသခံယူရင်း တစ်ပတ်အကြာ သေဆုံးသွားခဲ့သည့် ခန္ဓာကိုယ်အား ‌ထောင်အာဏာပိုင်များဘက်မှ ပြန်လည်ယူဆောင်ခွင့် မပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကျဥ်းထောင်များအတွင်း  နိုင်ငံရေးအကျဥ်းသူ/သားများ အကြောင်းအမျိုးမျိုးဖြင့် ရရှိသည့် ဒဏ်ရာများအတွက် ဆေးဝါးကုသမှုမပေးခြင်း၊ ထောင်တွင်း ဆေးဝါး မလုံလောက်ခြင်း၊ ဆရာဝန်မှ ပေါ့ဆခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားခြင်းတို့ကြောင့် အသက်သေဆုံး ခဲ့ရသည်ဟု PPNM ၏ မှတ်တမ်းများအရ သိရသည်။

“အိုးဘိုထောင်အပါအဝင် တနိုင်ငံလုံးက ထောင်တွေမှာ ဆေးဝါးလုံလောက်မှု မရှိဘူး။ ပြတ်လပ်မှုတွေ အများကြီး ဖြစ်နေတယ်။ ဒါကို အမြန်ဆုံးပြင်ဆင်မှသာလျှင် အကျဥ်းထောင်အတွင်း သေဆုံးမှု လျော့ကျ သွားမယ့် အခြေအနေပါ” ဟု ကိုသိုက်ထွန်းဦး ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း အကျဥ်း‌ထောင်များအတွင်း၌ အကျဥ်း ကျနေစဥ် ဆေးဝါးစောင့်ရှောက်မှု မလုံလောက်၍ နိုင်ငံရေးအကျဥ်းသူ/သား အနည်းဆုံး ငါးဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူအ‌ရေအတွက်သည် ကောက်ယူရရှိထားသော စာရင်းထက် ပိုမိုများပြားနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် - PPNM က ပြောသည်။

ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...