ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ARSA၊ RSO၊ ARA စသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ဒုက္ခသည်များကို ဖမ်းဆီးငွေညှစ်ခြင်း၊ သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ တပ်သားသစ်စုဆောင်ခြင်း စသည်ဖြင့် အကြောက်တရားသွင်းပြီး ကြီးစိုးချယ်လှယ်နေကြောင်း သိရသည်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကနေ မွတ်ဆလင် ဒုက္ခသည်စခန်းတွင် လက်နက်ကိုင်အဖွဲ့များစုစည်းကာ Four Brothers Alliance တပ်ပေါင်းစုကို RSO (Rohingya Solidarity Organisation)၊ Arakan Rohingya Alliance (ARA)၊ ARSA (Arakan Rohingya Salvation Army)၊ RIM (Rohingya Islami Mahaz) တို့ကို ဖွဲ့စည်းထားပြီး ဒိလ်မာမတ်ဆိုသူက ဦးဆောင်နေခြင်းဖြစ်သည်။
အဆိုပါ တပ်ပေါင်းစုသည်၏ အဓိက ဦးတည်ချက်မှာ အာရက္ခတပ်တော်ကို ဘူးသီးတောင်၊ မောင်တောဒေသကနေ တိုက်ထုတ်ရန်ဖြစ်ပြီး AA နှင့် ရခိုင်လူမျိုးများအပေါ် လူမျိုးရေး၊ ဘာသာရေး အမုန်းတရားများ လှုံဆော်ခြင်းများကို ဆက်တိုက်ပြုလုပ်နေကြောင်း ဒုက္ခသည်များက ပြောသည်။
ထိုလုပ်ရပ်များကို လက်မခံသည့် ဒုက္ခသည်များကို ခြိမ်းခြောက်သတ်ဖြတ်မှုများလည်း ရှိလာကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်က ဒုက္ခသည်စခန်း အမှတ် (၁၃) မှ ဆေးဆရာတစ်ဦးဖြစ်သူ နူရ်ဟာကိမ်းဆိုသူကို RSO တပ်ဖွဲ့ဝင်များ ဓားဖြင့်ထိုးသတ်၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“သူ (နူရ်ဟာကိမ်း) က ဒုက္ခသည်စခန်းတွေကို ပတ်ပြီးတော့ ဆေးကုသပေးနေတာ။ လူချစ်လူခင်ပေါတယ်။ အဲဒီနေ့ ည ၇ နာရီလောက်က RSO က သတ်လို့ သေသွားတယ်။ သူတို့ (မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့) တွေက ဒုက္ခသည်တွေကို မတရားဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်နေတယ်” ဟု မွတ်ဆလင်ဒုက္ခသည်အမျိုးသားတစ်ဦးက ပြောသည်။
ယင်းအပြင် အဆိုပါ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့ကို ဦးဆောင်သူ ဒိလ်မာမတ်ဆိုသူမှာ စခန်းနေ ဒုက္ခသည် အိမ်ထောင်စုတစ်စုမှ အမျိုးသားတစ်ဦးသည် မဖြစ်မနေ ၎င်းတို့တပ်ထဲဝင်ရန် ခြိမ်းခြောက်ထားပြီး ကန့်ကွက်ပါက စားနပ်ရိက္ခာဖြတ်တောက်မည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။
ကူတူပါလောင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသားတစ်ဦးက “ဒိလ်မာမတ် ဦးဆောင်ပြီးတော့ ကော်မတီဝင်တွေက စခန်းတွေမှာ လစဉ် ဟောပြောပွဲတွေလုပ်တယ်။ အဓိက AA တိုက်ဖို့ အတင်းအဓမ္မ လူသစ်စုဆောင်းနေတာ။ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မိသားစုတိုင်းက လူတစ်ယောက်ဟာ မဖြစ်မနေ စစ်မှုထမ်းရမယ်။ စစ်မှုမထမ်းတဲ့ မိသားစုတွေကို WFP က ထောက်ပံ့တဲ့ ရိက္ခာတွေလည်း ဖြတ်တောက်မယ်ဆိုပြီးတော့ ခြိမ်းခြောက်မှုတွေရှိတယ်” ဟု ပြောသည်။
ထိုသို့ မွတ်ဆလင်လက်နက်ကိုင်များက ဒုက္ခသည်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် စစ်သင်တန်းတက်ရန် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေခြင်းတို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း လျစ်လျူရှုထားကြောင်း ဒုက္ခသည်များက ပြောသည်။
၂၀၂၄ ခုနှစ်၊ မေလအတွင်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင် လူထောင်နှင့်ချီ လူသစ်စုဆောင်းခံရပြီး လူသစ်စုဆောင်းမှုထဲတွင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များလည်း ကြံရာပါအဖြစ် ပါဝင်ကြောင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အကြီးတန်းအကြံပေး မစ္စတာ သောမတ်စ်ကီးန်က BBC သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။
“RSO၊ ARSA စတဲ့ အုပ်စုတွေ အများစုကတော့ အရိုးရှင်းဆုံးပြောရရင် ရာဇဝတ်ဂိုဏ်း၊ လူဆိုးဂိုဏ်းလိုပဲ ဒုက္ခသည်စခန်းတွေမှာ ပြုမှုကြတာပဲဖြစ်ပါတယ်” ဟု မစ္စတာ သောမတ်စ်ကီးန်က ပြောသည်။
ထိုကြောင့် ဒုက္ခသည်များမှာ စားနပ်ရိက္ခာထောက်ပံ့မှု လုံလောက်စွာ မရရှိသည့်အပြင် အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်မှုများကို ခံနေရသည့်အတွက် လုံခြုံမှုကင်းမဲ့နေကြောင်း ပြောဆိုကြသည်။
လတ်တလော လူသစ်စုဆောင်းခံရမည်ကို စိုးရိမ်သဖြင့် စခန်းနေ လူငယ်အများအပြားမှာလည်း ထွက်ပြေးတိမ်းရှောင်မှုများ မြင့်တက်နေကြောင်း ဒုက္ခသည်များပြောဆိုချက်အရ သိရသည်။
ကူတူပါလောင်ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးကလည်း "အဲဒီလို ခြိမ်းခြောက်နေတော့ ဒုက္ခသည်တွေက ပိုပြီးတော့ စိုးရိမ်တာပေါ့။ စားနပ်ရိက္ခာတွေ မပေးတော့ဘူးဆိုရင် အကုန်လုံးက ငတ်ပြတ်ပြီးတော့ သေကြမှာ။ တချိုလူငယ်တွေဆိုရင် စစ်မှုထမ်းဖိုအတွက် အဖမ်းခံရမှာစိုးလို့ ထွက်ပြေးနေရတဲ့သူတွေရှိတယ်" ဟု ပြောသည်။
အဆိုပါ မွတ်ဆလင်များမှာ ၂၀၁၇ ခုနှစ် မောင်တောဒေသ အရေးအခင်းတွင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထွက်ပြေးခိုလှုံနေရသူများဖြစ်သည်။
မောင်တောတိုက်ပွဲများတွင် စစ်ကောင်စီနှင့် မဟာမိတ်ပူးပေါင်းကာ ARSA၊ RSO၊ ARA များသည် အာရက္ခတပ်တော်၏ ထိုးစစ်များကို ခုခံခဲ့သော်လည်း အရေးနိမ့်ခဲ့သည်ဖြင့် မွတ်ဆလင်လက်နက်ကိုင်အုပ်စုများသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသို့ ထွက်ပြေးကာ ထပ်မံ လူသစ်စုဆောင်း အင်အားဖြည့်တင်းနေကြခြင်းဖြစ်သည်။







