ဗုံးကြဲခံရ၍ တနင်္သာရီ ညောင်ပင်းကွင်းရွာ၌ အိမ် ၆၀ ကျော် မီးလောင်

ဗုံးကြဲခံရ၍ တနင်္သာရီ ညောင်ပင်းကွင်းရွာ၌ အိမ် ၆၀ ကျော် မီးလောင်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအတွင်းသို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညပိုင်းချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ  ဒေသခံနေအိမ် အလုံး ၆၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် မြို့နယ်တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ကျေးရွာသို့ ည ၉ နာရီအချိန်ဝန်းကျင်တွင် သုံးကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အနီးရှိ သိန်းခွန်းရွာနေ ဒေသခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“ဟုတ်တယ်။ မနေ့က ညပိုင်းအချိန်လောက်မှ သုံးကြိမ်လာကြဲသွားတယ်။ မီးလောင်ဗုံးတွေထင်တယ်။ ဘာလို့လည်းဆိုတော့ သူတို့လာကြဲတာနဲ့ နေအိမ်တွေမှာပေါက်ပြီး မီးစွဲလောင်တယ်။ နေအိမ်တော်တော်များများ မီးလောင်ပျက်စီးသွားတာတွေ ရှိပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

ထို့အပြင် ယခုလို စစ်ကောင်စီမှ သုံးကြိမ်ဆက်တိုက် လာရောက်ကြဲသည့်အချိန်တွင် မပေါက်ကွဲဘဲကျန်ခဲ့သည့် ဗုံးများလည်းကျန်ရှိနေပြီး အဆိုပါဗုံးများကို ပြည်သူများ လုံခြုံရေးအတွက် တနင်္သာရီမြို့နယ် KNU တပ်ဖွဲ့ဝင်များက သိမ်းဆည်းရှင်းလင်းမှု လုပ်ဆောင်ထားသည်ဟု မြို့နယ် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထီးဝါးက ကေအိုင်စီသို့ ပြောဆိုသည်။

“သူတို့လာကြဲပြီးတော့ မပေါက်ကွဲတဲ့ဗုံးတွေကို သိမ်းဆည်းထားပါတယ်။ နေအိမ်ကတော့ အလုံး ၆၀ နီးပါး မီးလောင်ပျက်စီးသွားတယ်။ အဲ့ဒီရွာမှာက နေအိမ် ၆၀၀ ဝန်းကျင်လောက်ရှိတယ်။ သူတို့ လေကြောင်းကနေ သုံးကြိမ်လာကြဲတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

လက်ရှိတွင်လည်း ညောင်ပင်ကွင်းရွာ၊ သိန်းခွန်းရွာ၊ ထုံမခါရွာနှင့် အနီးတစ်ဝိုက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်ကြား စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေသည်ဟု သိရသည်။

စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်နေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိ ညောင်ပင်ကွင်းအရှေ့ကမ်းရွာတွင် တပ်စွဲထားသလို ညောင်ပင်ကွင်းရွာအနီးရှိ သိန်ခွန်းရွာနှင့် ထုံမခါရွာ အနီးတစ်ဝိုက်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လုပ်ဆောင်နေကြောင်း သိရသည်။

ယခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိုပါရွာများရှိ ပြည်သူပိုင်နေအိမ် ထိခိုက်ပျက်စီးမှု များမကြာခဏ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

မလေးရှားနိုင်ငံ Local Media Summit 2025 သို့ IPCM ကိုယ်စား ဦးတိုးဇော်လတ် တက်ရောက်ခဲ့စဉ်
January 20, 2026
မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခကြားထဲတွင် သတင်းသမားများ လုံခြုံစွာ သတင်းရယူပိုင်ခွင့်...
January 19, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ထဲရှိ ကျုံဒိုး၊ ကော့ကရိတ်၊ နဘူးစစ်အုပ်စု တပ်နယ်တပ်ရင်းများနှင့်...
January 17, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အဓိက ဝင်ငွေရပေါက်လမ်းအဖြစ် နယ်မြေတွင်း မူးယစ်ဆေးဝါး...
January 16, 2026
ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့တောင်ဘက်ဒေသ တိုက်ပွဲများကြောင့် နှစ်ရှည် နေရပ်စွန့်ခွာ...