ခိုးလျေဆို (ဘူးခူ) စစ်ရှောင်စခန်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေပြီး အကူအညီပေးဖို့ တောင်းခံ

ခိုးလျေဆို (ဘူးခူ) စစ်ရှောင်စခန်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေပြီး အကူအညီပေးဖို့ တောင်းခံ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းက ခိုးလျေဆို (ဘူးခူ) စစ်ရှောင်စခန်းမှာ ရေရှားပါးမှုကို ကြုံတွေ့နေရပြီး စစ်ရှောင်လူထုတွေက အလုအယက် ရေခပ်ယူနေကြရတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

ယခု ဖေဖော်ဝါရီလ ပထမအပတ်မှာပဲ သောက်သုံးရေအရင်းအမြစ်တွေ ခမ်းခြောက်လာပြီး မနက်စောပိုင်း ၄ နာရီကျော်အချိန်မှာ သွားရောက်ခပ်ယူနေကြရတယ်လို့လည်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အသွားအပြန် ၂ နာရီခွဲ ၃ နာရီလောက်ကြာတယ်၊ အဝတ်ဘာညာလျှော်ရင်တော့ နေ့တစ်ပိုင်းလောက် ကြာသွားတာပေါ့။ ရေသွားခပ်ရင် မနက် ၃ နာရီ၊ ၄ နာရီလောက်သွားမှ ရေခပ်ရတာ၊ ၅ နာရီလောက်သွားရင် ရေမရှိတော့ဘူး၊ ရေကုန်နေပြီ” လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မိသားစုအတွက် လိုအပ်တဲ့ သောက်သုံးရေရဖို့အတွက် ရေအရင်းအမြစ်ရှိရာကို ခြေလျင်နဲ့ သွားရောက်ခပ်ယူကြရပြီး လုံခြုံရေးအရ စိုးရိမ်မှုရှိကြတယ်လို့လည်း ဆိုပါတယ်။

“လမ်းမှာဆိုရင် ၄ ကြိမ်အထိလောက် နားရတယ်၊ ဆက်တိုက်သွားလို့လည်း မရဘူး။ အရမ်းပင်ပန်းတယ်၊ ကလေးတွေပါရင် ၃ နာရီကျော်လောက်ကြာတယ်” လို့ စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။

အဆိုပါ ခိုလျေဆို (ဘူးခူ) စစ်ရှောင်တွေ သွားရောက်ခပ်ယူနေတဲ့ ရေထွက်ပေါက်မှာ နွေရာသီရောက်ရှိလာပြီမို့ ရေထွက်နည်းပြီး ဒေသခံအပြင် စစ်ဘေးရှောင်တွေ စုပေါင်းအသုံးပြုနေရတာကြောင့် မကြာခင်မှာ သောက်သုံးရေပြဿနာကို ရင်ဆိုင်ရနိုင်တယ်လို့လည်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“နွေရောက်တာနဲ့ ရေပြဿနာတစ်ခုရှိနေတယ်၊ ရေထွက်ပေါက်ရှိပေမယ့် တစ်ရွာလုံးသုံးလို့ မလုံလောက်တော့ဘူး။ အပြိုင်အဆိုင်နဲ့ပေါ့။ မနက် ၂ နာရီ ၃ နာရီကတည်းက ရေစုပြီးတော့ ခပ်ရတာပေါ့။ အရင်နှစ်က နန်းဖဲထိ သွားခပ်ရတယ်။ လုံခြုံရေးလဲမရှိတော့ စစ်ကြောင်းထိုးပြီးကာလဖြစ်တော့ မလုံခြုံဘူးပေါ့။ သွားခပ်ပြီး သယ်လာတော့လည်း ရလာတဲ့ရေကလည်း ပမာဏက နည်းတယ်။ အိမ်ခြေကများတော့ တစ်အိမ် တစ်ပုံး၊ နှစ်ပုံးလောက်ပဲ ပြန်ရတယ်။ အဲ့ဒါကြောင့် စိန်ခေါ်မှူရှိလာတယ်” လို့ အဆိုပါ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဖရူဆိုအရှေ့ခြမ်းက ကျေးရွာအများစုဟာ နွေရာသီရောက်ရှိတိုင်း ကြည်လင်တဲ့ သောက်သုံးရေထက် မသန့်ရှင်းတဲ့ရေ (ရေနီ) ကိုသာ အသုံးပြုကြရပါတယ်။

အဆိုပါ ခိုးလျေဆို (ဘူးခူ) စစ်ရှောင်စခန်းမှာတော့ အိမ်ခြေ ၅၂ အိမ်ရှိပြီး၊ လူဦးရေ ၂၀၀ ကျော်ရှိပါတယ်။

ရေအရင်းအမြစ်မရှိတဲ့ မြေနီဒေသဖြစ်တာကြောင့်လည်း နှစ်စဉ် နွေရာသီမှာ ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရပါတယ်။

May 21, 2026
စိုက်ပျိုးရာသီရောက်လာပြီဖြစ်တာကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကတောင်သူတွေဟာ...
May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...