နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု အပြင်းအထန်ပြုလုပ်နေ

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု အပြင်းအထန်ပြုလုပ်နေ
စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် နောင်ချိုမြို့ အပျက်အစီးအချို့။
စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် နောင်ချိုမြို့ အပျက်အစီးအချို့။

သျှမ်းပြည်မြောက်ပိုင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေပြီး ဒေသခံ ၁ ဦး ဒဏ်ရာရရှိနေကြောင်း စုံစမ်းသိရသည်။

ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် နောင်ချိုမြို့ရှိ သပြေတောင်ဘုရားကုန်းကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုးဘွားရိပ်သာ အဆောက်အဦး ထိခိုက်ပျက်စီးပြီး အရပ်သား (၁) ဦး ဒဏ်ရာရရှိထားကြောင်း နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက်ပိုင်းမှာပဲ လေယာဉ်နဲ့ လာကြဲသွားတယ်၊ တစ်ဦးထိမှန်တယ်ပြောတယ်။ သပြေတောင်ဘုရားကုန်းဘက်က ဘိုးဘွားရိပ်သာမှာ လာချသွားတယ်။ စစ်တပ်က သူတို့ လာချင်တဲ့အချိန် လာချသွားတယ်။ နောင်ချိုမှာလည်း သေဆုံးတာတွေ အရမ်းများလာပြီ၊ ဒါကိုလည်း ဘယ်သူမှ တာဝန်ယူပေးတာမျိုး မရှိကြဘူး။ ခုဆို ကြောက်နေရတယ်” ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

လက်ရှိ နောင်ချိုမြို့နယ်တွင် TNLA ထိန်းချုပ်ထားသည့် တောင်ခမ်းကျေးရွာရှိ တပ်စခန်းနေရာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးသုံးပြီး တိုက်ခိုက်မှု ပိုမိုပြုလုပ်နေကြောင်း နောင်ချိုဒေသခံက ဆက်ပြောသည်။

“တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေတာမျိုးတော့ ရှိနေသေးတယ်။ ၂ ရက်နေ့တုန်းဆို လက်နက်ကြီး ပစ်ခတ်တာတွေ တော်တော်များတယ်။ အခု ရက်ပိုင်းလောက်တော့ အသံတွေ ငြိမ်သွားတာမျိုးတွေရှိတယ်။ တိုက်ပွဲကလည် ကြာနေပြီ၊ စစ်တပ်ကတော့ ပြန်လည်ဆုတ်ခွာတာမျိုး ရှိမှာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၆) ရက်ကလည်း TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်မှ ရှော့တိုက်ဒုံးဖြင့် နေအိမ် အလုံး ၂၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နှင့် ကျောက်မဲမြို့တွင် နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာနေပြီး သေဆုံးသူလည်း ပိုမိုများပြားလာနေကြာင်း ဒေသခံပြောပြချက်အရ သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ ဇန်နဝါရီ (၁၈) ရက်မှစတင်ပြီး တရားဝင် အပစ်အခတ်ရပ်စဲကြောင်း တရုတ်နိုင်ငံဘက်မှ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ညီနောင်မဟာမိတ်ဖြစ်သည့် TNLA ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီက လေကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်ကာ TNLA ကို ဖိအားပေးနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

March 21, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့ပေါ်တွင် စုံ-မ စနစ်ဖြင့် ယာဉ်များကို စစ်ဆေးနေပြီး လိုင်စင်မဲ့...
March 20, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ...
March 19, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ (၂)...
March 18, 2026
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)...