နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ မရှာဖို့’ KIO ဥက္ကဋ္ဌက အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပြောဆို

နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ မရှာဖို့’ KIO ဥက္ကဋ္ဌက အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပြောဆို

လေးနှစ်တာအထိ ပြည်သူအာဏာ လုယူထားဆဲဖြစ်တဲ့ အာဏာသိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါင်းအပါတွေအနေနဲ့ ‘နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ မရှာဖို့’ (၆၄) နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ KIO/KIA ဥက္ကဋ္ဌ ပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အာဏာကို သိမ်းယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ SAC တာဝန်ရှိသူတွေကိုလည်း ဒီကနေ ပြောလိုက်ချင်ပါတယ်။ နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ ရှာဖွေနေတာတွေမဖြစ်စေပါနဲ့” လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဖေဖော်ဝါရီလ ၅ ရက်နေ့ ဒီကနေ့ကျရောက်တဲ့ ကချင်တော်လှန်ရေးမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။

လက်ရှိ ချုပ်ကိုင်ထားဆဲဖြစ်တဲ့ အာဏာကို  ‘တိုင်းပြည်အေးချမ်းသာယာလာဖို့မှာ အသုံးချသင့်တယ်‘ လို့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုထားတာဖြစ်ပါတယ်။

KIO/KIA ဥက္ကဋ္ဌ ပြောဆိုတဲ့ (၆၄) နှစ်ပြည့် တော်လှန်ရေးနေ့ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံမှာ သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တော်လှန်ရေးလုပ်ငန်းမှာ အတူတကွ ပူးပေါင်းဆောင်ရွက်နေတဲ့ တော်လှန်ရေးမဟာမိတ်တွေအနေနဲ့လည်း အချင်းချင်း လက်တွဲကူညီဖေးမဖို့ လိုအပ်သလို အချင်းချင်းကြားမှာ ပြဿနာမဖြစ်လာအောင် စောင့်ထိန်းကာကွယ်ရမယ်လို့လည်း ပါရှိပါတယ်။

တော်လှန်ရေးမဟာမိတ်အချင်းအချင်းကြား ပြဿနာမဖြစ်အောင် စောင့်ထိန်းကာကွယ်ရမယ်လို့ ပြောဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တော်လှန်ရေးအဖွဲ့အချင်းအချင်း မြေနေရာအငြင်းပွားမှု ပိုပြီးဖြစ်လာတာကို မြင်တွေ့လာရတယ်လို့ KIO ဥက္ကဋ္ဌက ရည်ညွန်းပြောဆိုထားတာလည်း ဖြစ်ပါတယ်။

အခုလို မြေနေရာအငြင်းပွားမှုဖြစ်တဲ့ ပြဿနာဟာ ဒေသအတွင်းမှာနေထိုင်တဲ့ ပြည်သူလူထုအချင်းချင်းကြား လူမျိုးရေးပြဿနာကိုသာ ပိုမိုကြီးထွားလာနိုင်တဲ့ ကိစ္စရပ်ဖြစ်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးအချင်းချင်း အပြန်အလှန် လေးစားအသိအမှတ်ပြုကြဖို့လည်း မိန့်ခွန်းမှာ တိုက်တွန်းပြောဆိုထားပါတယ်။

ဒါ့အပြင် KIO ဥက္ကဋ္ဌ  တော်လှန်ရေးမိန့်ခွန်းထဲမှာ နိုင်ငံရေးပါတီအစုအဖွဲ့တွေကို သတိပေးပြောဆိုထားတာ တွေ့ရပါတယ်။

KIO/KIA ဥက္ကဋ္ဌ အနေနဲ့ (၆၄) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို ပြောဆိုတာနဲ့ပတ်သက်ပြီး ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက အခုလို သုံးသပ်ထားပါတယ်။

“ပြည်သူလူထုကို ရိုင်းစိုင်းတဲ့ အပြုအမူနဲ့ စစ်လက်နက်အားကိုးပြီး အုပ်ချုပ်ချင်တယ်။ စစ်လက်နက်နဲ့ပဲ အာဏာပါဝါ ထိန်းချုပ်ချင်တယ်။ စစ်လက်နက်နဲ့ပဲ နိုင်ငံကို တည်ဆောက်ချင်တယ်။ အခုခေတ်မှာတော့ ဒီလိုနည်းလမ်းနဲ့ သွားလို့မရတော့ဘူး။ ဒီလိုလုပ်ရပ်တွေကို ပြောဆိုလာတာလို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။

ဖိနှိပ်ခံနေရတဲ့ ဘဝကနေ လွတ်မြောက်ဖို့၊ တန်တူအခွင့်အရေးရရှိဖို့ ၁၉၆၁ ခုနှစ်ကနေ စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တော်လှန်ရေးခရီးစဉ်ဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ (၆၄) နှစ် မြောက်ခဲ့ပြီဖြစ်ပါတယ်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...