ပူတာအို ထဝါဒမ်းကျေးရွာ အထိုင်တပ် စစ်အင်အားဖြည့်ပြီး လုံခြုံရေးတင်းကြပ်ထား

ပူတာအို ထဝါဒမ်းကျေးရွာ အထိုင်တပ် စစ်အင်အားဖြည့်ပြီး လုံခြုံရေးတင်းကြပ်ထား
ရှေ့တန်းတစ်နေရာမှာတွေ့ရတဲ့ စစ်ကောင်စီတပ်သားများ (ပုံဟောင်း)
ရှေ့တန်းတစ်နေရာမှာတွေ့ရတဲ့ စစ်ကောင်စီတပ်သားများ (ပုံဟောင်း)

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု၊ ထဝါဒမ်းကျေးရွာ အထိုင်တပ်ကို စစ်ကောင်စီတပ်က စစ်အင်အားဖြည့်နေပြီး လုံခြုံရေးလည်း တင်းကြပ်ထားတယ်လို့ သိရပါတယ်။

ပူတာအိုမြို့ အရှေ့ဘက်ခြမ်း၊ ထဝါဒမ်း စစ်ကောင်စီအထိုင်တပ် (ထောက်ပို့တပ်) ထဲမှာ စစ်အင်အားအလုံးအရင်း ဖြည့်တင်းထားတဲ့အပြင် တပ်တွင်း၊ တပ်ပြင် လုံခြုံရေးတွေလည်း တင်းကြပ်ထားတယ်လို့ ထဝါဒမ်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“အခုကတော့ ရှင်းရှင်းပြောရရင် ခွေးတိုးပေါက်လေးတောင် မကျန်ထားဘူး။ ဘေးပတ်ပတ်လည် သုံဆူးကြိုးနှစ်ထပ် ကာထားတယ်။ ပြီးတော့ ဘန်ကာတွေလည်း အဆင့်ဆင့်ပဲ လုပ်ထားတယ်။ တပ်ပတ်ပတ်လည်မှာလည်း ဂတုတ်ကျင်းတွေ ပတ်ပတ်လည် တူးနေတယ်” လို့ အသက် ၄၃ နှစ်အရွယ်ရှိ အထက်ပါအမျိုးသားက ပြောပါတယ်။

ထဝါဒမ်းကျေးရွာ အထိုင်တပ်ကို ခြံစည်းရိုးအသစ်ခတ်တာ၊ ကတုတ်ကျင်းတူးတာတွေအပြင် ဘန်ကာတွေအထပ်ထပ် တည်ဆောက်တာတွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်ကတည်းက လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပူတာအိုမြို့အခြေစိုက် ခ.လ.ရ ၄၆ လက်အောက်ခံတပ်ဖြစ်တဲ့ ထဝါဒမ်း (ထောက်ပို့) တပ်ဟာ ပုံမှန်အားဖြင့် စစ်အင်အား ၅၀ ဝန်းကျင်လောက်သာရှိတယ်လို့ သိရပေမယ့် ဒီရက်ပိုင်းအတွင်းမှာပဲ အင်အား  ၁၂၀ ဝန်းကျင်လောက်အထိ အင်အားတိုးမြင့်ချထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီ ထဝါဒမ်းစစ်တပ်ဟာ ရွာအဝင်မှာ ထိုင်ထားတာဖြစ်ပြီး လက်ရှိ ရွာအဝင်/အထွက်ကို ဂိတ်ထိုင်ပြီး အစစ်အဆေးလုပ်တာ၊ စစ်တပ်ပတ်ပတ်လည်မှာ ကင်းပုန်းချထားတာတွေကြောင့် ဒေသခံတွေ လွတ်လွတ်လပ်လပ် သွားလာလို့မရဖြစ်နေတယ်လို့ ထဝါဒမ်းကျေးရွာနေ အခြားဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်ကတော့ ရွာသားတွေလည်း တပ်ထဲမှာ စျေးရောင်းဘာညာ ဝင်လို့ရတယ်။ အခုကတော့ လုံးဝ အဝင်မခံဘူး။ တစ်လလောက်ရှိပြီ။ ပြီးတော့ ဂိတ်ရှေ့မှာလည်း စစ်ဆေးမေးမြန်းရှိလာတယ်။ တပ်အနီးတဝိုက် တောစပ်တွေမှာလည်း သူတို့စစ်သားတွေ ကင်းစောင့်တာရှိတယ်ဗျ။ ရွာသားတွေတော့ လွတ်လွတ်လပ်လပ်တော့ မရှိတော့ဘူး။ သတိထားနေရတယ်” လို့ သူကပြောပါတယ်။

အဲ့ဒီ ထဝါဒမ်းကျေးရွာ ထောက်ပို့တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလတုန်းက ဆွမ်ပရာဘွမ်မြို့ သိမ်းခံရပြီးနောက် ဇွန်လလကုန်ပိုင်းမှာ ပူတာအို ခ.လ.ရ ၄၆ တပ်ထဲကို တပ်ဆုတ်သွားခဲ့ပေမယ့် လအနည်းငယ်အကြာမှာ တပ်ပြန်ထိုင်လာတာဖြစ်ပါတယ်။

မျက်မြင်တွေ့တဲ့ ဒေသခံတွေပြောပြချက်အရ အဲ့ဒီထဝါဒမ်းတပ်ထဲမှာ စားနပ်ရိက္ခာတွေနဲ့ လက်နက်ခဲယမ်းတွေ အများအပြား သိုလှောင်ထားတယ်လို့ ဆိုပါတယ်။

ပူတာအို ခ.လ.ရ ၄၆ တပ်ဟာ လက်ရှိ ထဝါဒမ်းထောက်ပို့တပ်ကို အခုလို အင်အားဖြည့်ပြီး စစ်ရေးပြင်ဆင်နေတဲ့အပြင် ပူတာအို –မြစ်ကြီးနား လမ်းပိုင်းမှာရှိတဲ့ လုံရှာယာန်၊ တန်ဂျာ၊ ဆွမ်ပီယန် ကျေးရွာတွေမှာလည်း စစ်သားအင်အားတွေ အလုံးအရင်းချထားတယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ ပူတာအိုခရိုင်ထဲက ဆွမ်ပရာဘွမ်မြို့ကို ၂၀၂၄ ခုနှစ် မေလတုန်းက သိမ်းပိုက်ခဲ့သလို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့မှာလည်း ခေါင်လန်ဖူးမြို့နယ်ထဲက ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ လာဟူဆယ် မဆုတ်တမ်းရှေ့တန်းခံစစ်စခန်းကို ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...