စစ်ရှောင်စခန်းတွင် နို့ဆို့အရွယ်ကလေးကနေ သက်ကြီးရွယ်အိုအထိ ပွေး၊ ယားနား ဖြစ်ပွားနေ

စစ်ရှောင်စခန်းတွင် နို့ဆို့အရွယ်ကလေးကနေ သက်ကြီးရွယ်အိုအထိ ပွေး၊ ယားနား ဖြစ်ပွားနေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့  လဘန်ကျေးရွာမှာ ခိုလှုံနေတဲ့ စစ်ရှောင်စခန်းတွေထဲမှာ မွေးကင်းစ ကလေးအရွယ်ကနေ သက်ကြီးရွယ်အိုအထိ ပွေး၊ ယားနာ ဖြစ်ပွားနေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

စစ်ရှောင်စခန်းရှိ အိမ်ထောင်စုတစ်စုမှာ တစ်ယောက်နှုန်းဖြင့် ပွေး၊ ယားနာ ဖြစ်ပွားနေပေမယ့် လိုအပ်တဲ့ ဆေးဝါးအကူအညီတွေနဲ့ ကုသမှုတွေ မရရှိတဲ့အတွက် ၅ လဝန်းကျင် ကြာမြင့်လာတဲ့အထိ မပျောက်ကင်းသေးဘဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အဲဒီလို ဖြစ်ပွားသူတွေထဲမှာ နို့ဆို့အရွယ်ကလေးနဲ့ သက်ကြီးရွယ်အိုတွေပါ ဆိုးဆိုးဝါးဝါး ဖြစ်ပွားနေတာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသမီးက အခုလိုပြောပါတယ်။

“တချို့က မျက်နှာမှာ ပွေးအပြည့် တစ်ကိုယ်လုံးလည်း ပွေး နို့ဆို့အရွယ် ကလေးတွေဆိုရင်လည်း မျက်နှာမှာသာမက တစ်ကိုယ်လုံး ပွေးချည်းဘဲ ဖြစ်နေတာ၊ ပွေးတွေက အရမ်းဆိုးနေတာ” လို့ ဆိုပါတယ်။

ဆေးဝါးနဲ့ပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC Mobile Team က နှစ်လတစ်ခါလောက် လာရောက်ကုသပေမယ့် ပွေးယားနာရောဂါ ပျောက်တဲ့အထိ ဆေးဝါး မထောက်ပံ့ပေးနိုင်တာကြောင့် သေချာ မပျောက်ကင်းနိုင်ဘူးလို့ သိရပါတယ်။

စစ်ရှောင်စခန်းထဲ ပွေးယားနာ ရောဂါကူးစက်လာတာဟာ စစ်ရှောင်စခန်းထဲက လူတစ်ချို့ ဧရာဝတီမြစ်ရေမှာ ရေသွားချိုးပြီးနောက် ပွေးယားနာဖြစ်လာပြီး သူတို့ကတစ်ဆင့် စစ်ရှောင်စခန်းအားလုံးကို ကူးသွားတာဖြစ်တယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

ခုလို စစ်ရှောင်စခန်းတွေမှာ ပွေးယားနာ ပြန့်ပွားလာတာနဲ့ပတ်သက်ပြီး Kachin Backpack အဖွဲ့က တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းလို့လည်း ဖြစ်နိုင်တယ်။ အခုနေတာက စစ်ရှောင်စခန်းဆိုတော့ လူအများနဲ့ ကြပ်သိပ်ပြီးနေတဲ့အခါကြတော့ အမှုန်အမွှားတွေက နောက်တစ်ယောက်မှာ ကူးဖို့ အရမ်းလွယ်ကူတာပေါ့” လို့ ဆိုပါတယ်။

ဧရာဝတီမြစ် အထက်ပိုင်းနဲ့ မြစ်ကြောင်းတစ်လျောက်မှာ ရွှေတူးဖော်မှု အလွန်အကျွံ ပြုလုပ်နေခြင်းကြောင့် ဧရာဝတီမြစ်ရေ အဆိပ်သင့်နေပြီး မြစ်ရေချိုးတဲ့သူတွေအနေနဲ့ အရေးပြားရောဂါ ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် ဒီလိုအခြေအနေတွေကို ဖြေရှင်းဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းဖို့ လိုအပ်သလို တစ်ဖက်မှာလည်း စစ်ရှောင်တွေကို ယားနာပျောက်စေတဲ့ ဆပ်ပြာ၊ ရေသန့်နဲ့ သန့်ရှင်းတဲ့ရေ အသုံးပြုနိုင်အောင် အဝီစိတွင်းရေတွေကို အသုံးပြုနိုင်ဖို့ ကူညီပေးတာမျိုးတွေကို တာဝန်ရှိသူတွေအနေနဲ့ လုပ်ဆောင်ပေးသင့်တယ်လို့ ပြောပါတယ်။

အောင်မြေ ၂ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၃၀ ဝန်းကျင်ရှိတာဖြစ်ပြီး စာသင်အရွယ် ကျောင်းသားဦးရေ ၃၀ ဦးနဲ့ မသန်စွမ်း ၂၀ ကျော်အပါအဝင် လူဦးရေ ၆၀၀ ဝန်းကျင်ထိ ရှိတာပဲဖြစ်ပါတယ်။

၂၀၂၄ မတ်လလောက်ကနေ  ၂၀၂၅ ဇန်နဝါရီ ၈ လဝန်းကျင်ကြာလာသည်အထိ စစ်ရှောင်ပြည်သူတွေအနေနဲ့ နေရပ်ပြန်ခွင့် မရကြတဲ့အတွက် ရှာဖွေစားသောက်ရတာလည်း ပိုမိုခက်ခဲလာတာဘဲ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ရှောင်ပြည်သူတွေအတွက်  နေရာထိုင်းခင်း၊ အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေကိုပါ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန် ၄၇ ကြိမ်မြောက် သမ္မတ ဒေါ်နယ်ထရန့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှုတ်ထွက်သွားတဲ့အပြင် နိုင်ငံတကာကိုပေးတဲ့ အကူအညီတွေကို ရုတ်သိမ်းလိုက်တဲ့အတွက် စစ်ရှောင်တွေအတွက် စိုးရိမ်ဖွယ်ဖြစ်လာတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...