ဗန်းမော်မြို့ဘက် တိုက်ပွဲပြင်းထန်နေချိန် KIO ဌာနချုပ် လိုင်ဇာမြို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ဗန်းမော်မြို့ဘက် တိုက်ပွဲပြင်းထန်နေချိန် KIO ဌာနချုပ် လိုင်ဇာမြို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ဗန်းမော်မြို့ဘက်မှာ တိုက်ပွဲပြင်းထန်နေချိန် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အတွင်းကို ဒရုန်းနဲ့ ဗုံးလာကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာပဲ ဗန်းမော်မြို့က စစ်ကောင်စီရဲ့ သံချပ်ကာတပ်ရင်းကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်တယ်လို့ သတင်းထွက်ပေါ်ပြီးနောက် လိုင်ဇာမြို့အနီးကို လေယာဉ်ပျံဝဲခဲ့တဲ့အပြင် အခုနေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးလာကြဲသွားတာလို့ လိုင်ဇာဒေသခံတစ်ဦးက ပြောပါတယ်။

"အခုပဲလာကြဲသွားတာ။ အိမ်အနားလေးမှာပဲ" လို့ အထက်ပါဒေသခံက ဆိုပါတယ်။

နောက်ထပ် လိုင်ဇာဒေသခံတစ်ဦးကလည်း "အခု ကျွန်မတို့ အိမ်မှာနေတဲ့အချိန် တစ်ကြိမ်။ အဲဒါက အသံအကျယ်ကြီးပဲ။ ဘယ်နားမှာလဲ မသိဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို မလိုက်သလိုပဲ ထိုင်နေတာကို" လို့ ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက ဗန်းမော်မြို့ကို တိုက်ခိုက်နေတာဖြစ်ပြီး အခုဆိုရင် ရက်ပေါင်း ၅၀ လောက် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

KIA အနေနဲ့ ဗန်းမော်မြို့အနီး မံစီမြို့ကိုတော့ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့အထိ တစ်လတာ ထိုးစစ်ဆင်ခဲ့ပြီး ကျန်ရှိနေတဲ့ မံစီအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ ၃၁၉၊ ၆၀၁၊ ၃၅၂ (အမြောက်တပ်ရင်း) တို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ဗန်းမော်မြို့ကို ဆက်လက်တိုက်ခိုက်နေခဲ့တာပါ။

ဗန်းမော်မြို့ဘက်မှာ စစ်ကောင်စီတပ်စခန်းများတဲ့အပြင် စစ်အင်အားလည်း များတဲ့အတွက် အချိန်ယူ တိုက်ခိုက်နေရတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဇန်နဝါရီလ ၈ ရက်နေ့က ဖြေကြားထားပါတယ်။

စစ်ကောင်စီဟာ ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ အထိနာပြီး ရှုံးနိမ့်မှုတွေကြုံလာတိုင်း KIO ဌာနချုပ်ဘက်ကို ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိပါတယ်။

Most read this week

February 12, 2026
အမေရိကန်အောက်လွှတ်တော်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စစ်ကော်မရှင်ကို အရေးယူမယ့် BRAVE Burma Act...
ဓါတ်ပုံ- KIA ပူးပေါင်းတပ်ဖွဲ့များ ဗန်းမော်လေဆိပ်ကို သိမ်းပိုက်ခဲ့စဉ်။
February 11, 2026
ဗန်းမော်တိုက်ပွဲဟာ အရင်းအနှီးများပြီး အချိန်ကြာမယ်ဆိုတာ သိပေမဲ့ လိုအပ်လို့တိုက်တဲ့...
February 10, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁) နယ်မြေဘက်...
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။
February 9, 2026
နေပြည်တော်အစိုးရကို NUG နဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့ မေးမြန်းထားတဲ့အပြင် တစ်ဖွဲ့ချင်းနဲ့...