အတိုင်းအတာတစ်ခုအထိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်တည်ဆောက်ထားနိုင်ပြီလို့ NUG ပြော

အတိုင်းအတာတစ်ခုအထိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်တည်ဆောက်ထားနိုင်ပြီလို့ NUG ပြော

ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အရာရှိ သင်တန်းဆင်းပွဲသို့ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၃ ခုနှစ် ဇွန်လအတွင်း အားပေးစကားပြောကြားနေစဉ်/ Photo : NUG

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ထားနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃/၂၀၂၅ အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတက အဲဒီလို ထုတ်ပြောခဲ့တာဖြစ်တယ်လို့ NUG က မွန်းလွဲပိုင်းမှာ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

"မဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဟာ ‘ကြိုးစားပြီးရင် ရပ်ပစ်လိုက်လို့ရတဲ့ သဘောမျိုး မဟုတ်ဘူး’ ဆိုတာ နားလည်ဖို့ လိုပါတယ်။ တိုင်းရင်းသား မဟာမိတ်တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးဟာ ဖြစ်စဉ်ဖြစ်တယ်၊ Process ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ တော်လှန်ရေးခရီးတစ်လျှောက်လုံး ဒီဖြစ်စဉ်ကို အသက်ဝင်အောင် ကြိုးစားတည်ဆောက်နေဖို့ လိုပါတယ်" လို့လည်း ယာယီသမ္မတက ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (PDF) တွေအနေနဲ့လည်း ဒေသစွဲစိတ်ကိုဖျောက်ပြီး တစ်နိုင်ငံလုံးအရေးအတွက် ဘယ်နေရာ ဘယ်ဒေသမှာမဆို တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အမြဲအသင့်ရှိနေစေချင်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ လက်ရှိ ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ ခုခံတော်လှန်စစ်ဖြစ်သလို၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဖြစ်တယ်။ ဒေသစွဲစိတ်နဲ့ ကိုယ့်နေရာ ကွက်ကွက်လေးကိုပဲ ကာထားရုံနဲ့ ကျေနပ်တင်းတိမ်ရမယ့် အခြေအနေမဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်" လို့ သမ္မတက ဆက်ပြောပါတယ်။

NUG ကတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ နိုင်ငံရဲ့ ၄၄ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားတဲ့အပြင် ၂၄ ရာခိုင်နှုန်းမှာတော့ တော်လှန်စစ်ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီစိုးမိုးနယ်မြေဟာ ၃၂ ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့ ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...