မိုးကောင်းမြို့ဝင်မြို့ထွက်ကို စစ်ကောင်စီက အင်အားတိုးချပြီး စစ်ဆေးရေးတင်းကျပ်

မိုးကောင်းမြို့ဝင်မြို့ထွက်ကို စစ်ကောင်စီက အင်အားတိုးချပြီး စစ်ဆေးရေးတင်းကျပ်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့က စစ်ကောင်စီတပ်သားတွေဟာ မြို့အဝင်/အထွက် နေရာတွေမှာ နဂိုကထက် အင်အားတိုးချပြီး စစ်ဆေးရေးတင်းကျပ်နေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့က ဆင်းလာရင် နမ္မတီးမြို့အကျော် မိုးကောင်းမြို့ အဝင်နေရာမှာသာမက မိုးကောင်းကနေ မိုးညှင်း၊ မန္တလေးဘက်ကို ထွက်တဲ့နေရာတွေမှာ အရင်ကထက်ပိုပြီး လူအင်အားတိုးချပြီးတော့ စစ်ဆေးတာတွေ လုပ်ဆောင်နေတာလို့ မိုးကောင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"သူတို့ အဝင်/အထွက်ကိုတော့ အရင်ကထက် ပိုပြီးတော့ စစ်ဆေးတာတွေ လုပ်နေတယ်။ အားလုံးကို စစ်ဆေးတယ်။ အဓိကတော့ ဖုန်းကိုစစ်တာ။ အခုက ဂိတ်မှာထိုင်တာပဲမဟုတ်ဘဲ လူ ငါးယောက်၊ ခြောက်ယောက် အဲဒီလို တစ်မိုင်မှာ တစ်ဖွဲ့ တစ်ဖွဲ့နဲ့ နေရာယူတာပေါ့" လို့ ဆိုပါတယ်။

အရင်က မြို့အဝင်/အထွက်နေရာတွေမှာ စစ်ကောင်စီဘက်က ဂိတ်ထိုင်ထားတာရှိပေမဲ့ ဒီနောက်ပိုင်းမှာတော့ ဂိတ်ထိုင်တာအပြင် စစ်ကောင်စီတပ်သားတွေဟာ တစ်မိုင်လောက်စီခြားပြီး အဖွဲ့လိုက် နေရာယူတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအကုန် ဒီဇင်ဘာလကတည်းကနေ ပိုမိုတင်းကျပ်စစ်ဆေးလာသလို ရှမ်းနီတပ်သားတွေကို အင်အားစုထားပြီးတော့ပါ တင်းကျပ်လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဖြတ်သွားဖြတ်လာ ပြည်သူတွေရဲ့ ဖုန်းတွေကို အဓိကထား စစ်ဆေးတာဖြစ်တယ်လို့လည်း သိရပါတယ်။

အဝင်/အထွက် ဂိတ်တွေကို ညနေပိုင်း ခြောက်နာရီခွဲတာနဲ့ ပိတ်ပြီဖြစ်တဲ့အတွက်ကြောင့်လည်း တောင်ယာအခင်း လုပ်ကိုင်စားသောက်တဲ့ ပြည်သူတွေနဲ့ ဖြတ်သွားဖြတ်လာ ပြည်သူတွေအတွက် အခက်ကြုံရတာမျိုးရှိတယ်လို့ ဆိုပါတယ်။

"လမ်းသွားလမ်းလာတွေအတွက် နည်းနည်းအခက်တွေ့တာရှိတာပေါ့။ မမှီတဲ့သူတွေရှိရင် ကားနဲ့လာသူတွေလည်း ကားကို အဲဒီမှာထား ဆိုင်ကယ်နဲ့လာသူတွေလည်း ဆိုင်ကယ်ကို အဲဒီမှာထားပြီး ခြေကျင်တော့ဖြတ်လို့ရတယ်။ ခြေကျင်ပြန် အဲဒီလိုပေါ့နော်" လို့ ဒေသခံက ဆက်လက်ပြောပါတယ်။

ဂိတ်ပိတ်ချိန်နောက်ပိုင်း ဖြတ်သန်းသွားလာလို့ရှိရင်တော့ ကားနဲ့ ဆိုင်ကယ်တွေကို ထားခဲ့ပြီး ခြေကျင်နဲ့တော့ ဖြတ်သန်းခွင့်ပေးတယ်လို့လည်း ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီနောက်ပိုင်း မိုးကောင်းမြို့တွင်းမှာတော့ အရင်ကလို လူငယ်တွေကို လိုက်လံဖမ်းဆီးတာမျိုး  ကြားရတာမရှိသလို လတ်တလော အဲဒီဒေသတဝိုက်မှာ အခြေအနေ တင်းမာနေတာမျိုးတော့ မရှိဘူးလို့လည်း သိရပါတယ်။

May 26, 2026
ကိုးကန့်တပ် (MNDAA) ရဲ့ တော်လှန်ရေးကို အကြောင်းပြုပြီး ပြည်သူလူထုကို ဒုက္ခရောက်စေတဲ့...
May 23, 2026
စိုင်းခေ — မြန်မာလို "လူလေး၊ လုံမလေး" လို့ ခေါ်လိုက်တဲ့ အသံဟာ ဘယ်လောက်များ စိတ်ဘဝင်တွေ့စရာ...
May 22, 2026
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ လွတ်လွတ်လပ်လပ် မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ ရောင်းချသူတွေကို...
May 21, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒိန်ဂျာယန်ကျေးရွာက မယ်ဇလီတောစစ်ရှောင်စခန်းမှာ နေထိုင်တဲ့...