ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေပြီး အကန့်အသတ်နဲ့သာ ခပ်ယူနေရ

ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေပြီး အကန့်အသတ်နဲ့သာ ခပ်ယူနေရ

ထိုင်း-ကရင်နီ နယ်စပ်ရှိ ‌ဒေါ်နိုးကူး စစ်ရှောင်စခန်းမှာ ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး စစ်ဘေးရှောင်တွေဟာ အကန့်အသတ်နဲ့သာ ရေကို ခပ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။

လက်ရှိ ရေသိုလှောင်ထားတဲ့ ရေကန်ကြီးကနေ အိမ်ထောင်စုတစ်စုကို ရေ နှစ်ပုံးသာ အကန့်အသတ်နဲ့ ခပ်ယူနေရသလို တိုကင်စနစ်နဲ့ တန်းစီရပြီး အချိန်ရောက်မှသာ အလှည့်ကျ ခပ်ယူနေရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးက ပြောပါတယ်။

“ရေလဲရှား၊ လူတိုင်းလည်း လာခပ်ဖို့လိုတော့ အကြားကြီး စောင့်နေရတယ်။ တစ်ယောက်ကို နှစ်ပုံးနှုန်း ခပ်ခိုင်းတာ တချို့အများ ထပ်ခပ်တာပဲ။ ခပ်တဲ့အချိန်မှာ ရေများများလာတယ်ဆိုရင် ခပ်ရတာ ပြည့်လွယ်တယ်။ ရေနည်းနည်းပဲလာတဲ့ချိန်ဆို အကြာကြီး စောင့်နေရတယ်ပေါ့နော်။ နွေရာသီချိန်ဆို ရေကြောင့်နဲ့ စကားများနေရပြီ။ နင်က များများခပ်ရတယ် ကျမက နည်းနည်းပဲ ခပ်ရသေးတယ် ဒီလို စကားတွေ များကြတာပေါ့နော်။ ရေခပ်တာ ရဲဘော်လိုမျိုးပဲ တန်းစီနေရတယ်ပေါ့နော်” လို့ သူက ပြောပါတယ်။

စစ်ရှောင်စခန်းထိ ရောက်ရှိတဲ့ ရေကို ခပ်ယူနေကြသလို ဝေးလံတဲ့ နေရာတွေမှာလည်း နေ့စဉ်အသုံးပြုရမယ့် ရေကို သွားရောက်ခပ်ယူကြပါတယ်။ စစ်ရှောင် လူဦးရေများပြားတာကြောင့် နောက်ပိုင်းမှ ခပ်ရသူကတော့ ရေမရရှိတော့ဘူးလို့ ဆိုပါတယ်။ ဒ့ါကြောင့် တန်းစီပြီး အလှည့်ကျ ရေခပ်ယူဖို့ စောစောထရတယ်လို့ နောက်ထပ် စစ်ဘေးရှောင်အမျိုးသမီးက ပြောပါတယ်။

“ကျမတို့က ရေသွားခပ်ရင်းနဲ့ အသက်တော်တော်ရှည်သွားမယ်ထင်တယ်။ အခုက နည်းနည်းအဆင်ပြေသေးတယ်။ နေအရမ်းပူရင် ရေက ပိုခမ်းခြောက်သွားတယ်။ ကျမတို့ ရပ်ကွက်က ကြီးပြီး လူများတော့ ရေခပ်မမှီတာတွေ ရှိပါတယ်။ ခုတောင် ရေခပ်မမှီဘူး စောင့်နေရင်းနဲ့ နေ့လည်တောင်ရောက်သွားတယ်။ တစ်ခါတစ်လေဆို တစ်ခေါက်နှစ်ခေါက်လောက် သွားခပ်ရသေးတယ်။ တစ်ခါတစ်လေတော့လည်း တစ်ခေါက်မှ မခပ်ရ‌ဘူး။ အခုက သတ်မှတ်ပြီး ခပ်ခိုင်းတာ လက်မှတ်တွေ ယူရတာပေါ့နော်။ မနက်ဖြန် တစ်ဘက်ခါဆို ယူရတော့မှာပေါ့။ နွေရာသီချိန်ဆို နေအရမ်းပူတဲ့အချိန်ဆို တန်းတူပဲပေါ့နော်။ တစ်ခေါက်ဆို အားလုံးက တစ်ခေါက်တူတူရကြမယ်။ ရေ ရရှိဖို့ကတော့ အရမ်းခက်ခဲတယ်” လို့ သူက ပြောပါတယ်။

အဆိုပါ ဒေါနိုးကူး စစ်ရှောင်စခန်းမှာ လူဦးရေ ၂,၇၀၀ ကျော်ရှိပြီး နှစ်စဉ် နွေရာသီမတိုင်ခင် ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရဆဲဖြစ်ပါတယ်။

ရေထွက်ပေါက်ရှိရာကနေ စစ်ရှောင်စခန်းထိ ရေပိုက်နဲ့ သွယ်လာပေမယ့် လူဦးရေများတာကြောင့် ရေမလုံလောက်မှုတွေ ဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။

Most read this week

February 13, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ပြန်လည်ရရှိနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် က အပြင်းအထန်...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
February 12, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာရဲ့ ရေတွင်းပျက်ထဲမှာ ရှိနေတဲ့...
February 11, 2026
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတစ်နေရာမှာ...
February 10, 2026
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ...