ညောင်ရွှေရောက် စစ်ဘေးရှောင် ၈၀၀ ကျော် အမိုးအကာ၊ စောင်နှင့်အနွေးအထည်များ လိုအပ်နေ

ညောင်ရွှေရောက် စစ်ဘေးရှောင် ၈၀၀ ကျော် အမိုးအကာ၊ စောင်နှင့်အနွေးအထည်များ လိုအပ်နေ

သျှမ်းပြည်၊ ညောင်ရွှေမြို့နယ်တွင် ၂ လကျော်ကြာ စစ်ဘေးတိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင် ၈၀၀ ကျော်သည် အမိုးအကာ၊ စောင်နှင့် အနွေးအထည်များ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန်ရွာတို့တွင် ၂ လကျော်ကြာ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၈၀၀ ကျော်သည် အမိုးအကာ၊ စောင်နှင့် အနွေးအထည်များ လိုအပ်နေကြောင်း စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

“အရမ်းအေးတဲ့ဒေသဆိုတော့ အခုက မိုးကာနဲ့ တဲထိုးပြီး နေနေတာဆိုတော့ မိုးကာတွေ၊ ဆောင်တွေ အရမ်းလိုတယ်။ အေးတာကို ရှိတာလေးနဲ့ အိပ်နေရတုန်းပဲ။ ပြန်ရဲတဲ့လူတွေကြတော့ ပစ္စည်းတွေယူလာတယ်။ တဲထဲမှာတော့ မီးဖိုလေးနဲ့နေနေရတာ။ အိပ်တဲ့အချိန်ကြတော့ မီးငြိမ်းရတယ်။ မီးလောင်မှာလည်း ကြောက်တယ်” ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါစစ်ဘေးရှောင်များသည် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများကြောင့် ညောင်ရွှေမြို့သို့ ပြီးခဲ့သည့် အောက်တိုဘာက တိမ်းရှောင် ရောက်ရှိလာကြသူများဖြစ်သည်။

ထို့ပြင့် ပင်လောင်းမြို့နယ်၌ ၂ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်လာသော်လည်း မည်သည့်အဖွဲ့အစည်းမှ လာရောက်ကူညီခြင်း မရှိသည့်အပြင် အလုပ်အကိုင်ရှားပါးမှုကြောင့် စားနပ်ရိက္ခာအခက်အခဲများလည်း ကြုံတွေ့နေရသည်ဟု အဆိုပါ စစ်ဘေးရှောင်အမျိုးသားက ဆက်ပြောသည်။

“ဒီမှာက အလုပ်လည်းသိပ်မရှိဘူး။ နေရပ်ပြန်ရတော့ စပါးတွေပြန်သိမ်းလာပြီး ရှိတာလေးနဲ့ စားဝတ်နေရေးကို ဆက်လုပ်နေရတာပေါ့။ တချို့က နည်းနည်းလေး အဆင်ပြေသွားပါတယ်။ စားသောက်ဖို့ ရိက္ခာတွေလိုတဲ့လူတွေလည်း လိုနေသေးတာပေါ့” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ တတိယပတ်တွင် ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများခေါ်ယူ၍ ညောင်ရွှေမြို့နယ်ရှိ ဘုန်းကြီးကျောင်းများတွင် တည်းခိုနေသည့် စစ်ရှောင်ပြည်သူများအား လာမည့် ၂၀၂၅ ခုနှစ် မတ်လကုန်ပိုင်းတွင် မိမိနေရပ်သို့ ပြန်နေခိုင်းကြောင်း သိရသည်။

June 20, 2026
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို...
June 19, 2026
စိုင်းဆိုင်အိုက် — စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့်...
June 18, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ်တွင် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး...
June 17, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့်...