နမ့်ပေါင်လေတပ်စခန်း လက်နက်ကြီးပစ်ခတ်ခံရ၊ စစ်တပ်ဘက်က တန်ပြန်ပစ်တဲ့လက်နက်ကြီး မြို့သစ်ကြီးရပ်ကွက် တစ်လုံးကျပေါက်ကွဲ

နမ့်ပေါင်လေတပ်စခန်း လက်နက်ကြီးပစ်ခတ်ခံရ၊ စစ်တပ်ဘက်က တန်ပြန်ပစ်တဲ့လက်နက်ကြီး မြို့သစ်ကြီးရပ်ကွက် တစ်လုံးကျပေါက်ကွဲ
ပုံစာ - Google Map
ပုံစာ - Google Map

ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့ရှိ စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်း ဒီမနက် ၆ နာရီဝန်းကျင်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတယ်လို့ တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံး ပစ်ခံရတယ်လို့ တပ်နဲ့နီးစပ်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

“မနက် ၆ နာရီလောက် ပစ်ခံရတာ။ ရှော့တိုက်ဒုံး ၈ လုံး ပစ်ခံရတာ။ တစ်လုံးက ပြေးလမ်းထိတယ်လို့ ပြောတယ်။ ထိခိုက်မှုပျက်စီးမှုတော့ မသိရသေးဘူး။ ၁၀၇ မမနဲ့လို့ ပြောတယ်။ သူတို့ပြောတာက ဗန်းမော်ကို လေကြောင်းမတက်နိုင်အောင် ဟန့်တားတာလို့ ပြောကြတယ်” လို့ ပြောပါတယ်။

နမ့်ပေါင်လေတပ်စခန်း လက်နက်ကြီးပစ်ခံရပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မ.ပ.ခ) အမြောက်တပ်ထဲကနေ စန်းကား၊ တာစခန့်ကျေးရွာဘက်ကို တန်ပြန်ပစ်ခတ်ရာ မနက် ၇ နာရီဝန်းကျင် မြို့သစ်ကြီးရပ်ကွက်ထဲ တစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်နေ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

"တစ်မနက်လုံး ထုနေတာပဲကွာ။ အဲ့ဝိုင်းမော်စန်းကားဘက်ကို ထုနေတာ။ မနက် ၇ နာရီလောက်ကတော့ မြို့သစ်ကြီးထဲ တစ်လုံးကျတယ်။ မိုးဖိုချောင်တစ်လုံးတော့ ထိသွားတယ်တဲ့'' လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။

စစ်ကောင်စီတပ်က ဝိုင်းမော်မြို့နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ စန်းကားကျေးရွာဘက်နဲ့ တာစန့်ရွာဘက်ကို လက်နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ခံတွေရဲ့ ပြောဆိုချက်အရ ဒီမနက်ပိုင်း ဝိုင်းမော်မြို့နယ် စန်းကားဘက် တိုက်ပွဲဖြစ်တာမရှိပေမယ့် လေတပ်စခန်းပစ်ခံရပြီးနောက် အခုလို တန်ပြန်ပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ မြို့ခံတွေ သုံးသပ်နေကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ နမ့်ပေါင်လေတပ်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာလည်း တစ်ကြိမ်၊ ၂၀၂၄ ခုနှစ် မတ်လမှာတစ်ကြိမ် ပစ်ခတ်ခံရတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးစတင်လာချိန်ကစပြီး နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စန်းကားကျေးရွာအုပ်စုဘက်ကို လုံခြုံရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် စန်းကားကျေးရွာနေ ပြည်သူအများပိုင်းကတော့ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့နောက်ပိုင်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

လက်ရှိ စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တစ်ချို့မှာ စစ်ကောင်စီတပ် ဗျူဟာမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားပြီး ရွာအနီးတစ်ဝိုက် မကြာခဏဆိုသလို KIA နဲ့ နှစ်ဖက်တပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်နေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း အဝင်/ထွက်နေရာတွေမှာလည်း လုံခြုံရေးတင်းကြပ်ထားပြီး စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...
January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...