အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်က မွေးမြူရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းနီးပါး လုပ်ငန်းပြုတ်

အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်က မွေးမြူရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းနီးပါး လုပ်ငန်းပြုတ်
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ လေးနှစ်နီးပါးကာလအတွင်း ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် မွေးမြူရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းနီးပါး အပြီးပိုင်ရပ်နားသွားပြီလို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွေးမြူရေးလုပ်ငန်းတွေဟာ အာဏာသိမ်းကာလအတွင်း သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ ဆေးဝါး ဈေးနှုန်း အဆမတန်မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးစရိတ် ပိုမိုကုန်ကျလာတာအပြင် အထွေထွေ ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် လုပ်ငန်းတွေ ရပ်နားသွားကြတာပါ။

မွေးမြူရေးလုပ်ငန်းတွေ ရပ်နားလာတာကြောင့် ဈေးကွက်အတွင်းမှာ မွေးမြူရေးထုတ်ကုန်တွေဖြစ်တဲ့ ကြက်သားတစ်ပိဿာ ကျပ်၂၄,၀၀၀ ဝန်းကျင်၊ ဝက်သား တစ်ပိဿာ ကျပ် ၃၀,၀၀၀ ကျော် ၊ ကြက်ဥ၊ဘဲဥတစ်လုံးကို ကျပ် ၅၀၀ က ကျပ် ၆၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးကတော့ မွေးမြူရေး လုပ်ငန်းတွေဟာ အစာဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် ၈၀ ရာခိုင်နှုန်းလောက် ရပ်နားသွားပြီးဖြစ်တဲ့အတွက် ဝယ်လိုအားနဲ့ ရောင်းလိုအား မျှတမှုမရှိတာကြောင့် ဈေးနှုန်းမြင့်တက်လာရတာဖြစ်တယ်လို့ ပြောပါတယ်။

“မွေးမြူတာတွေ နည်းသွားတယ်ပေါ့။ အရေအတွက်တွေ ကျသွားတယ်။ တဖက်က သွင်းကုန်ဖြစ်တဲ့ ဒီအစာဈေးနှုန်းတွေက အဆမတန်ဈေးကြီးသွားတာ။ မွေးတာက ၈၀ ရာခိုင်နှုန်းလောက်က ပြုတ်သွားပြီ။ အခုကျန်တာ က ၂၀ ရာခိုင်နှုန်းလောက်နဲ့ လည်ပတ်နေတာပါ။ ဈေးကြီးတာက မွေးတဲ့အရေအတွက်က တအားနည်းသွားတဲ့အတွက် ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတော့တာလည်း ပါတာပေါ့”လို့ ဆိုပါတယ်။

မွေးမြူရေးလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ မွေးမြူရေးလုပ်ငန်းတွေမှာ အသုံးပြုနေရတဲ့ အစာဈေးနှုန်းဟာ အာဏာမသိမ်းခင်က တစ်အိတ် ကျပ် ၃၀,၀၀၀ ဝန်းကျင်သာ ရှိနေပေမယ့် အခုအခါမှာတော့ တစ်အိတ်ကျပ်တစ်သိန်းကျော် ဈေးနှုန်းမြင့်တက်လာတာပါ။

မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကလည်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရာမှာ ကုန်ကျစရိတ်များပြီး အစာဈေးနှုန်းနဲ့ မကိုက်တော့တာကြောင့် မွေးမြူရေးလုပ်ငန်းအများစု လုပ်ငန်းရပ်နားကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကြက်တွေက အစာဈေးနဲ့ မကိုက်တော့ဘူး။ ကြက်စာ တစ်အိတ်က အခုလောလောဆယ် တစ်သိန်းကျော်ကျော်ဖြစ်သွားပြီ။ တစ်အိတ်ကိုဆိုရင် အကောင် ၅၀၀ လောက် ကျွေးရမယ် အစာပေါ့နော်။ ဆေးဖိုးတွေမပါသေးဘူး။ ရေခမီးခတွေ မပါသေးဘူး။ အစာက အရမ်းဈေးမြင့်နေတယ်။ ပြီးရင် ကြက်မွေးတဲ့သူတွေက အမြတ်အရမ်းနည်းတယ်။ မွန်ပြည်နယ်မှာတော့ မမွေးတော့တာ များတာပေါ့နော်”လို့ ဆိုပါတယ်။

မွေးမြူရေးလုပ်ငန်းမှာတော့ သွင်းအားစုနဲ့ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုတွေအပြင် ရာသီအကူးအပြောင်းအတွင်း မွေးမြူထားတဲ့ တိရစ္ဆာန်တွေ သေဆုံးမှုရှိတဲ့အတွက် အရှုံးပေါ်တာကြောင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေအပါအဝင် မွေးမြူရေး လုပ်ငန်းကြီးရှင်တွေပါ အပြီးပိုင်ရပ်နားတာတွေပါ ရှိနေပါတယ်။

မွန်ပြည်နယ်ဟာ ဒေသတွင်းမှာတော့ မွေးမြူရေးလုပ်ငန်းအနေနဲ့ ကြက်၊ ဝက်၊ ဘဲနဲ့ ငါး မွေးမြူရေးလုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြပြီး ဆိတ်၊ နွားနဲ့ ငုံး မွေးမြူရေး လုပ်ငန်းတွေကိုတော့ တစ်နိုင်တစ်ပိုင် မွေးမြူတာတွေရှိတယ်လို့ သိရပါတယ်။

Most read this week

ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...