အရှေ့တောင်အာရှဆီးဂိမ်း ကရာတေးဒိုပြိုင်ပွဲမှာ ကယားပြည်နယ်က ရွှေတံဆိပ်ဆု ရရှိခဲ့ပြီးနောက် ထူးချွန်ထက်မြက်တဲ့ ကစားသမားကောင်းတွေ နောက်ထပ်ပေါ်ထွက်လာစေဖို့အတွက် အခုလို ပြိုင်ပွဲပြုလုပ်တာ ဖြစ်ပါတယ်။
မနန်းဆိုင်းမိန်းက “ရည်ရွယ်ချက်က မျိုးဆက်သစ်ကစားသမားတွေ ပိုမိုထွက်ပေါ်လာဖို့ရယ်၊ ထူးချွန်တဲ့ ကစားသမားတွေ ထပ်ပြီးတော့ ပိုတိုးပွားလာဖို့ပါ။ ကယားပြည်နယ်မှာ လုပ်ရတဲ့ အဓိက ရည်ရွယ် ချက်ကတော့ ကယားပြည်နယ်မှာ ကရာတေးဒိုက အရမ်းအောင်မြင်နေတယ်။ ပြီးတော့ လက်ရှိ မြန်မာနိုင်ငံအတွက် အရှေ့တောင်အာရှဆီးဂိမ်းမှာ ရွှေတံဆိပ် ထိပ်ဆုံးရယူထားခဲ့တဲ့ ကယားကစား သမားတွေ ဖြစ်နေတယ်။ အဲ့ဒါကြောင့် ဒီကယားပြည်နယ်က ကစားသမားတွေလည်း ပိုပြီးတော့ စိတ်ဓာတ်ခွန်အားတွေ မြင့်တင်လာအောင် ဒီပြိုင်ပွဲကို ကျင်းပရတာဖြစ်တယ်”လို့ ကန္တာရဝတီတိုင်း (မ်) သတင်းဌာနကို ပြောပါတယ်။
ကယားပြည်နယ်အတွင်း ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိတဲ့ ကရာတေးဒို အားကစားသမား ကောင်းတွေ ထွက်ပေါ်လာစေဖို့အတွက် လွိုင်ကော်မြို့မှာ ၂ဝ၁၅ ခုနှစ် မြို့နယ်အားကစားနဲ့ ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ကရာတေးဒိုပြိုင်ပွဲကို ဇူလိုင်လအတွင်း ကျင်းပခဲ့ပါတယ်။
လက်ရွေးစင်ကစားသမား အောင်ပြည့်က “ကရာတေးကတော့ ကျနော်ထင်တာကတော့ မြန်မာနိုင်ငံမှာ နံပါတ်တစ်လို့ ပြောရဲပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ဆီမှာ အရင်းအမြစ်တွေ လူသားအရင်းအမြစ်တွေ ကျနော်တို့ရဲ့ကုန်ကြမ်းတွေပေါ့။ ကျောင်းပေါင်းစုံက အခုဆိုရင် ကယားပြည်နယ် အားကစားပြိုင်ပွဲ လုပ်နေတယ်။ အဲဒီမှာ ကရာတေးကလေးတွေ အင်အားက အယောက်သုံးရာနီးပါး ရှိတယ်။ ဒါက ဘယ်တိုင်းနဲ့ပြည်နယ်မှ မရှိဘူး။ ကျနော်တို့ဆီမှာ ဒါ အလားအလာကောင်းတဲ့ဒေသလို့ ထင်ပါတယ်။ နောက်ပြီး ကျနော်တို့ဆီက လက်ရွေးစင်ဖြစ်သွားတဲ့ ကစားသမားတွေ အများကြီးရှိတယ်”လို့ ပြောပါတယ်။
အားကစားဝန်ကြီးဌာန၊ အားကစားနဲ့ ကာယပညာဦးစီးဌာနနဲ့ မြို့နယ်အုပ်ချုပ်ရေးတို့ ပူးပေါင်းပြီး ဘောလုံးအားကစားနည်း၊ တိုက်ကွမ်ဒိုနဲ့ ကရာတေးဒို အားကစားနည်းတွေကိုပါ ထည့်သွင်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာ အောင်မြင်နေတဲ့ ကရာတေးဒိုအားကစားကို ပြည်နယ်အတွင်းက မြို့နယ် လေးမြို့နယ်မှာ ကျင်းပပေးဖို့ ညွှန်ကြားချက်ထွက်ရှိထားပေမယ့် ကရာတေးဒိုအားကစားနည်းဟာ တခြားအားကစားနည်းတွေနဲ့ မတူဘဲ ကျင်းပဖို့နေရာအခက်အခဲ ရှိနေတဲ့အတွက် လွိုင်ကော် မြို့နယ်မှာသာ ကျင်းပရတာလို့ မနန်းဆိုင်မိန်း က ဆက်ပြောပါတယ်။
“ကယားပြည်နယ်မှာ အစတုန်းကတော့ မြို့နယ်လေးမြို့နယ်ကို ကရာတေးဒိုပြိုင်ပွဲကျင်းပပေးပါ ဆိုတဲ့ ညွှန်ကြားချက်တချက် ထွက်လာတယ်။ ဒီကရာတေးဒိုက တခြားအားကစားနည်းတွေလို မလွယ်ဘူး၊ အသုံးပြုရတဲ့အပိုင်းတွေ ကစားသမားအင်အားတွေ ကွာတယ်။ ဘောလုံးအားကစားဆိုရင် သူ့ဘာသာ သူ ရပ်ကွက်မှာ ပြိုင်ပွဲတွေ လုပ်နေတယ်။ မြို့နယ်ပေါင်းစုံ သူ့ရပ်ကွက်နဲ့သူ လေ့ကျင့်နေကြတယ်။ တကယ်လို့ မယကဖလား ဘောလုံးပြိုင်ပွဲလုပ်မယ်ဆိုရင် သူ့ရပ်ကွက်နဲ့သူ လာပြီးသား။ ကရာတေးက အဲဒီလိုမဟုတ်ဘူး ဒီကလေးတွေကို ကရာတေးသမားလေးတွေကို နည်းစနစ်တွေ သီးသန့်သင်ပေးရ တယ်။ ကျောင်းတွေမှာသွားပြီး နည်းစနစ်တွေ ဖြန့်ပေးရတယ်၊ ပြိုင်ပွဲလုပ်ပေးရတယ်”လို့ ပြောပါတယ်။
အခုကျင်းပတဲ့ မြို့နယ်အဆင့်ပြိုင်ပွဲမှာ ပြည်နယ်လက်ရွေးစင်၊ မြန်မာ့လက်ရွေးစင် ကစားသမားတွေ ကို ယှဉ်ပြိုင်ခွင့်မပြုဘဲ၊ လက်ရွေးစင်မဖြစ်သေးတဲ့ ကျောင်းသားတွေ၊ ပြင်ပက ကရာတေးကစားသမား တွေကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုထားပြီး လက်ရွေးစင်ကစားသမားတွေက ပြိုင်ပွဲကျင်းပရေး ကော်မတီမှာ ပါဝင်အားဖြည့်ထားတယ်လို့ သိရပါတယ်။
ပြိုင်ပွဲကို ဇူလိုင်လ ၉ ရက်နေ့ကနေ ၁ဝ ရက်နေ့အထိ လွိုင်ကော်မြို့မှာ ကျင်းပခဲ့ရာမှာ ကစားသမား (၂၄၉) ဦးက ဝိတ်တန်း (၈)တန်းမှာ ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေရှစ်ဆု၊ ငွေရှစ်ဆု၊ ကြေးတစ်ဆယ့်ခြောက်ဆု ချီးမြှင့်ခဲ့ပါတယ်။
ကရာတေးဒိုအားကစားဟာ ကယားပြည်နယ်မှာ ၂ဝဝ၆ ခုနှစ်ကစပြီး အောင်မြင်မှု ရရှိလာတာဖြစ်ပြီး၊ လက်ရှိ ပြည်နယ်လက်ရွေးစင်နဲ့ မြန်မာ့လက်ရွေးစင် စုစုပေါင်း အယောက် (၃ဝ) ရှိတယ်လို့ သိရပါတယ်။







