အမ်းတွင်စားနပ်ရိက္ခာပြတ်လပ်မှု စစ်ကောင်စီတာဝန်ယူမှုမရှိဟုဆို

အမ်းတွင်စားနပ်ရိက္ခာပြတ်လပ်မှု စစ်ကောင်စီတာဝန်ယူမှုမရှိဟုဆို

ရခိုင်ပြည်၊ အမ်းမြို့ပေါ်မှာ စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများ ဆန်အပါအဝင် စားနပ်ရိက္ခာပြတ်လပ်နေမှုကို စစ်ကောင်စီက တာဝန်ယူမှုတစ်စုံတစ်ရာမရှိဟု မြို့ခံများက ပြောသည်။

အမ်းမြို့ခံ အမျိုးသားတစ်ဦးက "အခု စစ်ကောင်စီဖက်ကလည်း ဆန်တစ်ဗူးတောင် ထောက်ပံ့တာမရှိဘူး။ စစ်ရှောင်တွေလည်း အများကြီးပဲ။ အကုန်ငတ်နေကြပြီ" ဟုပြောသည်။

ယခင်က အမ်းတွင် ဆန်ရှားလျှင် မယကရုံးမှ တစ်အိမ်ထောင်ကို တစ်ပတ်လျှင် ၅ ပြည်ကျစီ ရောင်းချခြင်းမျိုးရှိခဲ့သော်လည်း ယခုအချိန်တွင် မယကရုံးသို့သွားရောက်ဝယ်ယူရာ ဆန်မရှိတော့၍ ပြန်လာခဲ့ရကြောင်း အမ်းမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မယကရုံးက အုပ်ချုပ်ရေးမှူးတွေက ၁၂ လပိုင်းဒီဇင်ဘာလအထိ ဆန်ရောင်းပေးမယ် ပြောတယ်။ အခု ၁၀ လပိုင်းကတည်းက လုံးဝပြတ်သွားပြီ။ မရှိတော့ဘူးပြောတယ်။ စစ်ကောင်စီကို စားနပ်ရိက္ခာတွေ ထောက်ပံ့လိုက်တာထင်တယ်။ ဆန်လုံးဝ ပြတ်သွားတယ် ဆိုတော့ အရမ်းဒုက္ခဖြစ်နေကြရပါပြီ" ဟုပြောသည်။

အမ်းတွင်တိုက်ပွဲမဖြစ်မီက အများပြည်သူစားသုံးနိုင်သည့် ဆန်တစ်ပြည်ကို ကျပ် ၃၀၀၀ နှင့် ၃၅၀၀ ကြားသာရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်နေချိန်တွင် တစ်ပြည်ကို ကျပ် ၇၀၀၀ အထိရှိပြီး တစ်ပြည်ကို ကျပ်တစ်သောင်း ပေးမည်ဆိုလျှင်လည်း ဆန်ရှာလို့မရတော့ဟု သိရသည်။

ယင်းကြောင့် ထမင်းခြောက်လှန်းထားသူများမှာ ထမင်းခြောက်ကိုစားနေရပြီး တချို့မှာဆန်ပြုတ်ကျိုသောက်နေရကြောင်း မြို့ခံများက ပြောသည်။

လက်ရှိ အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်များအပါအ၀င် ဒေသခံပြည်သူ လေးထောင်ခန့် ရှိနေသည်ဟု သိရသည်။

အများစုမှာ တိုက်ပွဲကြောင့် အသက်အန္တရာယ် ကျရောက်မည်ကို စိုးရိမ်နေကြရသလို တစ်ခြား တစ်ဖက်တွင်လည်း ရိက္ခာပြတ်တောက်ကာ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

အမ်းအဝင်အထွက်လမ်းများကိုလည်း စစ်ကောင်စီက ဖြတ်တောက်ပိတ်ဆို့ထား၍ ဆန်အပြင် တခြားအခြေခံစားသောက်ကုန်များမှာလည်း ရက်ပိုင်းအတွင်း ဈေးမဆမတန်မြင့်တက်လာကြောင်း သိရသည်။

အမ်းတွင် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီး လက်ရှိ မြို့ဧရိယာထဲတွင် ပါဝင်သည့် နေရာအချို့တွင်လည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီလေတပ်ကလည်း မြို့အနှံ့ ဗုံးကြဲချနေ၍ မြို့ထဲတွင် စစ်ဘေးရှောင်များအပါအဝင် ဒေသခံပြည်သူ ထောင်နှင့်ချီ ပိတ်မိနေသည်ဟု သိရသည်။

August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...