တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ အရင်နှစ်ထက် ဘိန်းစိုက်ပျိုးမှု ပိုမို များပြားလာ

တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ အရင်နှစ်ထက် ဘိန်းစိုက်ပျိုးမှု ပိုမို များပြားလာ

ယခု ၂၀၂၄ ခုနှစ်အတွင်းတီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု အရင်နှစ်များထက်ပိုမိုများပြားလာကြောင်း ဒေသခံတောင်သူတစ်ဦးရဲ့ပြောကြားချက်အရသိရှိရပါတယ်။

“အရင်တုန်းကဆိုရင်‌ အစိုးရ လက်လှမ်းမမှီတဲ့ဝေးလံခေါင်သီတဲ့ အရပ်တွေမှာသာ‌ ဒေသခံ‌ တွေကသာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခဲ့ကြတာပါ။ အခုဆိုရင်မြို့ပေါ်က ငွေကြေးတတ်နိုင်သူတွေပါ အလုပ်သမားကိုယ်စီနှင့် မြေယာငှားရမ်းပြီး လာစိုက်ကြပါတယ်။ အနည်း‌ဆုံး နှစ်ဧကလောက် စိုက်ကြပါတယ်။ နှစ်ဧကမှာဆိုရင် ကံကောင်းတဲ့သူကဘိန်းစိမ်း နှစ်ပိသာကျော်ကျော် ရနိုင်တယ်။ပုံသေပြောလို့တော့မရဘူး။ ကံဆိုးရင်တော့ ခိုင်နီးဗူးသုံးလေးဗူးစာပဲရတဲ့ သူတွေလည်းရှိတယ်။ ဘိန်းစိုက်အလုပ်သမားတွေကတော့ တစ်နေ့ကို စားရိတ်ငြိမ်းနဲ့ တစ်သောင်းကနေ တစ်သောင်းခွဲအထိ လုပ်နိုင်အားပေါ်မူတည်ပြီး လုပ်အားခရရှိကြပါတယ်။ အခုအချိန်ကတော့ ပျိုးပင်လေးတွေ ခွဲပြီး စစိုက်နေတဲ့ ကာလ ပါ” ဒေသခံတောင်သူတစ်ဦးက Chin World Media ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာတော့ ဘိန်းစိမ်း တစ်ပိဿာကို ကျပ်သိန်း ၈၀ နဲ့ ၁၀၀ ရခဲ့ကြပြီး ယခုနှစ်ခဲ့တဲ့ ရာသီမှာတော့ ဘိန်းစိမ်းတစ်ပိသာကို ကျပ်သိန်းတစ်ရာကနေ တစ်ရာ့ခြောက်ဆယ်အကြား ရလိမ့်မယ်လို့ ဘိန်းစိုက်တောင်သူတွေ အနေနဲ့ မျှော်လင့် ထားကြောင်း ဆက်လက် သိရှိ ခဲ့ရပါတယ်။  

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေရန် စင်္ကာပူ၊ မလေးရှား၊ အိုမန် စတဲ့ နိုင်ငံခြားနိုင်ငံတွေကို မသွားရောက်နိုင်တဲ့ ဒေသတွင်း လူငယ်များအနေနဲ့  ဘိန်းခင်းတွေမှာ  နေ့စား အဖြစ် လုပ်ကိုင်မှုတွေဟာ  ဒီနှစ်မှာ ပိုမိုများပြားလာတယ်လို့လည်း တီးတိန်နဲ့တွန်းဇံမြို့နယ်က တောင်သူတချို့ဆီက သိရှိရပါတယ်။

“ဘိန်းခင်း အလုပ်သမား အများစုက ဒေသတွင်း ကျေးရွာတွေက ပါ။ ကလေးမြို့ ပတ်ဝန်းကျင်၊ ခမ်းပတ်မြို့ ပတ်ဝန်းကျင် ကနေ တက်လာတဲ့ အလုပ်သမားတွေလည်း အများကြီးရှိတယ်” လို့ တောင်သူတစ်ဦးက အလုပ်သမား စျေးကွက်

အခြေအနေကို ဆက်လက် ရှင်းပြခဲ့ပါတယ်။

လတ်တလော မှာတော့ တီးတိန်နဲ့တွန်းဇံမြို့နယ်တွေမှာ ဘိန်းစိုက်ပျိုးမှုရှိနေတာနဲ့ပတ်သက်ပြီး ချင်းတော်လှန်ရေး တပ်ဖွဲ့တွေဘက်ကရော စစ်ကောင်စီ ဘက်ကပါ တစုံတရာ အရေးယူ ဆောင်ရွက်တာမျိုး မရှိသေးဘူး လို့ သိရှိရပါတယ်။

April 3, 2026
ချင်းပြည်နယ်၊ လောက်တူဒေသရှိ ဒေသခံပြည်သူတွေရဲ့စုပေါင်းရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းခဲ့တဲ့...
April 2, 2026
DonBosco — လက်ရှိမှာ အာဏာသိမ်းစစ်ကော်မရှင်က ရွေးကောက်ပွဲများ ကျင်းပပြီးနောက်...
April 2, 2026
မကွေးတိုင်း အရှို (ချင်း) လူမျိုးများတည်ရှိရာဒေသမှာ စစ်ရေးလှုပ်ရှားတဲ့ ချင်းကာကွယ်ရေးတပ် ( CDF...
April 1, 2026
တီးတိန်ခရိုင် လမ်းဦးစီးဌာန အောက်ရှိ လုပ်ငန်းများတွင် တင်ဒါ ရရှိ လုပ်ကိုင် နေတဲ့ ကုမ္ပဏီများကို...