ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း ယနေ့ထိ လက်မှတ်မရေးထိုးနိုင်သေးဘူးဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။
ချင်းတော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်စွာ အုပ်ချုပ်မှုတစ်ခုအောက်တွင် စုစည်းနိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း လက်မှတ်ရေးထိုးခါနီးတိုင်း ပဋိပက္ခ များဖြစ်ပွား ကာ ယနေ့အထိ လက်မှတ်မထိုးနိုင်သေးကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဇူလိုင်လ ၂၅ ရက်နေ့က အိုင်ဇောလ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Joint Hnampual Meet 2026 အစည်း အဝေးတွင် မီဇိုရမ်ဝန်ကြီးချုပ်က ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလားလ်ဒူဟိုးမား က “ကျနော်တို့အစိုးရတာဝန်စယူတဲ့နောက်ပိုင်းမှာ ချင်းပြည် မှာ တော်လှန်ရေးအဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးအတွက် ကျနော်တို့ အင်တိုက် အားတိုက်နဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ အရပ်ဘက်နဲ့ တပ်ဘက်ပိုင်းမှာပါ အုပ်ချုပ်မှု တစ်ခု အောက်မှာ အတူတကွ သွားနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေလည်း ကျနော်တို့ ရေးဆွဲ ခဲ့ကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျနော်တို့ရေးဆွဲပြီး နှစ်ဖက်စလုံးက လက်မှတ်ထိုးခါနီးတွေမှာ တနေရာရာမှာ မျိုးနွယ်စု တစ်ခုနဲ့ တစ်ခုကြားမှာ ပြသနာပေါ်လာပြီး အဲဒီအခြေအနေက ကျနော်တို့ ကြိုးပမ်းတာတွေကို အဟန့်အတား ဖြစ်စေ တယ်” ဟု ပြောသည်။
ထို့ပြင် ချင်းတော်လှန်ရေး အင်အားစုများအကြား ဘုံရန်သူကို အတူတကွ စည်းလုံးစွာ မတိုက်ခိုက်နိုင်ပါက အိန္ဒိယ-မြန်မာ နယ်စပ်နှင့် မီဇိုရမ်နယ်စပ်တစ်လျှောက်ရှိ နယ်မြေများအားလုံး မြန်မာစစ်တပ်လက်ထဲသို့ ပြန်လည်ကျရောက်သွားမည့် အရေးကို စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ၎င်းက သတိပေးပြောဆိုခဲ့သည်။
ချင်းလူမျိုးများ အကြား ပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ဘုံဘာသာစကား အလွန် အရေးကြီးကြောင်းကို လည်း ဝန်ကြီးချုပ်က ယခုကဲ့သို့ ထောက်ပြခဲ့သည်။
“ဒီနေရာမှာ စည်းလုံးညီညွတ်ဖို့အတွက် ဘာသာစကားက အလွန်အရေးကြီးပါတယ်။ ချင်းပြည်ဘက်ကို ပြန် ကြည့်ရင် ဘုံဘာသာစကားမှာ ဗမာစကားကို အသုံးပြုကြတာတွေ့ရပါတယ်။ လူမျိုးခြားရဲ့ ဘာသာ စကားကို ကိုယ့်လူမျိုးတွေရဲ့ ဘုံဘာ သာစကားအဖြစ် သုံးတာဟာ အများကြီး အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါ တယ်။ ကျနော်တို့ရဲ့ စိတ်နှလုံးထဲမှာ ဘာသာ စကားတစ်ခုတည်းကို အတူတကွ အသုံးမပြုနိုင်ဘူးဆိုရင် အမှန်တကယ် ရင်းနှီးဆက်ဆံမှု၊ ထိတွေ့ဆက်ဆံမှုမရှိနိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ချင်းတော်လှန်ရေးအင်အားစုများအကြား နှစ်ဖက်အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိသေးခြင်းကသာ ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လက်မှတ်ရေးထိုးနိုင်ရန် ကြန့်ကြာနေရသည့် အဓိက အကြောင်းရင်းဖြစ်ကြောင်း ချင်းတော်လှန်ရေးအင်အားစုများဘက်ကလည်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။







