စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ CNO/CNDF က သတိပေး

စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ CNO/CNDF က သတိပေး

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ များနေပြီဖြစ်လို့ နောက်နောင် တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ အောက်တိုဘာလ ၉ ရက်နေ့က ဖလမ်းမြို့နယ် အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)ဘက်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အသိပေးထုတ်ပြန်ထားပါတယ်။

CNO/ CNDF ပြောရေးဆိုခွင့်ရှိသူက “ CNO/CNDF က ပြည်သူကိုကာကွယ်စောင့်ရှောက်ဖို့ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းဖြစ်သလို ဖလမ်းမြို့က မိဘပြည်သူအတွက် ထည့်သွင်းစဉ်းစားလွန်းလို့ ပြည်သူတွေရဲ့ အိုးအိမ်ထိခိုက်ပျက်စီးမှာတွေ ထည့်သွင်းစဉ်းစားလွန်းလို့ ဒီကနေ့ချိန်ထိ စစ်ရေးအရ လှုပ်ရှားမှုတွေ အရမ်းကြီးမရှိခဲ့ဘူး ဒီလိုစိတ်ရှည်စွာ မိဘပြည်သူအတွက် ထည့်သွင်းစဉ်းစားပြီးနေတဲ့အချိန် ခလရ ၂၆၈ ကစစ်ကောင်စီတပ်ဖွဲ့က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ သေဆုံးတာ ဒီကနေ့မှာ များစွာရှိသွားပြီဆိုတာ မြင်တွေ့ရပြီဖြစ်လို့ ဒီကနေ့အချိန်ကနေ စလို့ CNO/CNDF က ပြည်သူအသတ်ကို သတ်တဲ့သူတွေ၊နှောက်ယှက်တဲ့သူတွေကို ဒီတိုင်းကြည့်နေတော့မှာ မဟုတ်ဘဲ စစ်ရေးအရတန်ပြန်တိုက်ခိုက်တာတွေ လုပ်သွားတော့မယ် လက်နက်ကြီးနဲ့တစ်ခါလာပစ်ရင် နှစ်ဆပြန်ပစ်တော့မယ် ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ အခြေအနေကိုသိမြင်ပြီး သတိထားပြီး နေထိုင်ကြဖို့ကိုလည်း ထပ်မံပြီး အသိပေးချင်တယ်” လို့ထုတ်ပြန်ပြောဆိုထားပါတယ်။

မနေ့အောက်တိုဘာလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖလမ်းမြို့နယ်မှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ဖလမ်းမြို့မှာ အခြေစိုက်တပ်စွဲတဲ့ ခလရ ၂၆၈ တပ်ကုန်းကနေလည်း လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ဖလမ်းမြို့နယ် Relsing ရွာကတောင်ယာထဲ အလုပ်လုပ်နေတဲ့ အသက် ၅၇ နှစ်အရွယ်အမျိုးသား တစ်ဦးသေဆုံးခဲ့ရသလို ကလေးတချို့ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ဘက်က အခုလို အသိပေး လာတာလည်းဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မနေ့က ဖလမ်းမြို့ ခလရ ၂၆၈ တပ်ကုန်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ်ခဲ့တာကြောင့် ဖလမ်းမြို့နယ်က အရပ်သားပြည်သူ ၁ ဦးနဲ့ ကလေးငယ်တချို့ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

March 4, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ၎င်းတပ်ဖွဲ့ဝင်တွေကို Y...
March 4, 2026
Chin resistance forces have been confiscating equipment connected to the Starlink internet...
March 2, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ တပ်သားစုဆောင်းရာမှာ ဝေဖန်သံတွေ အွန်လိုင်းပေါ်ရောက်မှာ...
February 28, 2026
နှစ်ရှည်လများ အမှောင်ချခံထားရတဲ့ လွတ်မြောက်နယ်မြေဒေသတွေထဲ ချင်းပြည်နယ်ထဲက ဖလမ်း၊ ကန်ပက်လက်၊...