လွိုင်ကော်မြို့နယ်မှာ အသက် ၃၅နှစ်မှ ၆၅နှစ်အတွင်း အမျိုးသားတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ စစ်ကောင်စီ စစ်သင်တန်းပေးရန် စီစဉ်နေ

လွိုင်ကော်မြို့နယ်မှာ အသက် ၃၅နှစ်မှ ၆၅နှစ်အတွင်း အမျိုးသားတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ စစ်ကောင်စီ စစ်သင်တန်းပေးရန် စီစဉ်နေ

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာ အုပ်စုအတွင်းမှာနေထိုင်တဲ့ အသက် ၃၅နှစ်မှ ၆၅နှစ်အတွင်း  အမျိုးသားတွေကို ပြည်သူ့လုံခြုံရေး ဟုဆိုကာ တစ်ရပ်ကွက်လျှင် လူဦးရေ ၅ဦးနှုန်းနဲ့ စစ်သင်တန်းတက်ခိုင်းဖို့ စစ်ကောင်စီက စီစဥ်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ပန်ကန်းကျေးရွာ အုပ်စုအတွင်းက ဒေါဆန်းဘွန်း၊ ရွာတန်းရှည် ၊ စိုက်ကွင်း ၃၊ မှုံပြာ၊ ထူဒူငံသ အစရှိတဲ့ ရပ်ကွက် အတွင်း နေထိုင်တဲ့ ပြည်သူတွေကို စစ်သင်တန်းတစ်လ တက်ရောက်ပြီး နယ်မြေ လုံခြုံရေး အတွက် တာဝန်ယူပေးရမယ်လို့ ပြောဆိုထားတာပါ။

လွိုင်ကော်မြို့စွန် ရပ်ကွက်တွေကို စစ်ကောင်စီကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ပိုင်းအတွင်း ထိုးစစ်ဆင်ခဲ့ပြီး လက်ရှိမှာတော့ တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် မြို့ခံတွေကို ပြန်လည်နေထိုင်ခွင့် မပြုသေးပါဘူး။

ပြန်လည် အခြေချနေထိုင်လိုပါက ပြည်သူ့လုံခြုံရေးဖွဲ့စည်းနိုင်ဖို့ တစ်ရပ်ကွက် ( သို့မဟုတ်) တစ်ရွာလျှင် အသက် ၃၅ နှစ် မှ ၆၅ နှစ် အတွင်း အမျိုးသား ၅ ဦး တာဝန်ထမ်းဆောင်ရမယ်လို့ ပြောဆိုထားကြောင်း မြို့ခံတွေဆီကနေ သိရပါတယ်။

” သူတို့ ပြောတာတော့ ကိုယ့်ရွာအတွင်းပဲ ကင်းစောင့်ရမယ်ပြောတာပဲ။ pdf တွေ လာရင် သတင်းပေးရမယ်တဲ့ ။ ဒါပေမဲ့ ဘယ်သူ စောင့်ရဲမှာလဲ။ နောက်စစ်သင်တန်း တစ်လ တက်ပြီးလို့ အခြား နယ်ပို့လိုက်ရင်ကော ဘယ်တတ်နိုင်မှာလဲ။” လို့ ပန်ကန်းရပ်ကွက်မှ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ရပ်ကွက်အတွင်း လုံခြုံရေး ယူမယ့်သူတွေကို ကျင်စက် နဲ့ လက်ထိပ်တွေကိုလည်း ထုတ်ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

”သူတို့ တောင် သေနတ်နဲ့ ယှဥ်ပစ်လို့ မနိုင်တာ ကျင်စက် နဲ့ ဘယ်လို ကာကွယ်မလဲ။ ကျမ တို့ကတော့ မနေရလည်း တစ်ချိန် မြေတော့ကျန်မှာ ပဲ မပြန်နေတော့ဘူး။”လို့ ပန်ကန်းစစ်ရှောင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

မြို့စွန်ရပ်ကွက်နဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ရေရပ်မပြန်ရတဲ့အတွက် ကျန်ရစ်ခဲ့တဲ့ နေအိမ်တွေနဲ့ စိုက်ထားတဲ့ လယ်ကို မကြည့်နိုင်တာကြောင့် ဆုံးရှုံးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

”စပါး အိတ်ကြီးပဲကို ၉၀ ကျော်လောက် အခိုးခံရတယ်။ အိမ်မှာ သူများလာထားတဲ့ အိတ်တွေရောပေါ့။မြေသြဇာလည်း ခိုးတာပဲ ၊ အခြား ပစ္စည်းတွေက သိန်း ၁၀၀ ကျော်လောက် ရှိမယ်။ ဘာမှ ကိုမကျန်တာ။ အဲ့ဒီတော့ ပြန်နေရလည်း မပြန်တော့ဘူး ။ ဒီအရွယ်ကြီးကြမှ စစ်မှုလည်း မထမ်းချင်နေတော့ဘူး။”လို့ အသက်၆၀ အရွယ် အမျိုးသား တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ က ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်မှုဗဟိုအဖွဲ့ကို ဩဂုတ်လ ၁၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီးနောက် မြို့နယ်အဆင့် ၊ ရပ်/ကျေးအဆင့်အထိ စစ်သင်တန်းပေးတာနဲ့ လက်နက်တပ်ဆင်တာတွေပါဝင်မယ့် အစီအစဉ်ကို စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

အသက် ၃၅ နှစ်ကနေ ၆၅ နှစ် အတွင်း အမျိုးသားတွေ ၁ လကြာ စစ်သင်တန်း တက်ရမှာ ဖြစ်ပြီး ကိုယ့် ရပ်ကွက်မှာပဲ လုံခြုံရေးတာဝန်ပြန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

January 31, 2026
ကရင်နီပြည်မှာရှိတဲ့ ကိန္နရီပညာရေးစင်တာ (KEC) ကနေ ကရာတေးအားကစားသင်တန်းကို ၃လကြာ...
ဓါတ်ပုံ - KNWO
January 30, 2026
စစ်ကော်မရှင် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်မှုပေါင်းစုံကြုံတွေ့နေရတဲ့ အမျိုးသမီးတွေ များလာပြီး...
ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)
January 29, 2026
ကရင်နီပြည်၊ ဘောလခဲမြို့မှာ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်ဖွင့်ဖို့ ဆေးရုံးအနီးအနားဝန်းကျင်ကို...
January 28, 2026
ရှမ်း-ကရင်နီနယ်စပ်က မိုး‌ဗြဲမြို့မှာ လတ်တလော မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့်...