စစ်တွေထောင်မှ အကျဉ်းသားများကို ရန်ကုန်သို့ပို့ရန် စီစဉ်နေ

စစ်တွေထောင်မှ အကျဉ်းသားများကို ရန်ကုန်သို့ပို့ရန် စီစဉ်နေ

ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများနှင့် နှစ်ရှည်ထောင်ဒဏ်သမားများကို ရန်ကုန်သို့ပို့ရန် စစ်ကောင်စီက စီစဉ်နေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

လာမည့် အောက်တိုဘာလတွင် ပြောင်းရွှေ့နိုင်ရန်အတွက် လူဦးရေစာရင်း‌ကောက်ယူနေပြီး အကျဉ်းသားမည်မျှ ပြောင်းရွှေ့သွားမည်၊ မည်သည့်အတွက်ကြောင့် ပြောင်းရွှေ့မည်ကို မသိရသေးပေ။

“အခုကတည်းကနေ လူဦးရေစာရင်း ကောက်နေပြီ။ နိုင်ငံရေးပုဒ်မနဲ့ ချမှတ်ခံထားရသူတွေ၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်သူတွေကို ပြောင်းမှာလို့ သိရတယ်။ ဘယ်နှနှစ်အထက်ဆိုတာတော့ အတိကျမသိရဘူး” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တွေထောင်တွင် နိုင်ငံရေးပုဒ်မအသီးသီးဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၅၀၀ ဦးထက်မနည်းရှိနေပြီး အကျဉ်းသားများကို ရန်ကုန်သို့ပြောင်းရွှေ့ရန် စီစဉ်နေခြင်းနှင့်ပတ်သက်၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

“ကိုယ့်ဒေသမှာ မဟုတ်ဘဲ တခြားနေရာတစ်ခုကို ပြောင်းရွှေ့မယ်ဆိုရင်တော့ အကုန်လုံးစိုးရိမ်စရာပါ။ အခုဆိုရင် တစ်ပတ်တစ်ခါ သူတို့ကို သွားတွေ့လို့ရတယ်။ ထောင်ပြောင်းလိုက်တော့ သူတို့ကိုတွေ့ဖို့လည်း ခက်ခဲတယ်။ သူတို့ ဘာဖြစ်နေပြီလဲ၊ ဘာလုပ်လိုက်ပြီလဲကအစ အကုန်လုံးစိုးရိမ်တယ်” ဟု နိုင်ငံရေးပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ခံထားသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် စစ်တွေမြို့ကို အာရက္ခတပ်တော်က တိုက်ခိုက်လာတော့မည်ဟု ယူဆကာ အကျဉ်းသားများ ကြိုတင်ပြောင်းရွှေ့ခြင်း ဖြစ်နိုင်သလို၊ ထောင်တွင်းလူဦးရေများပြားလာ၍ ပြောင်းရွှေ့ခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

“တိုက်ပွဲဖြစ်လာရင် ‌ထောင်ထဲက လူတွေကို လွတ်သွားမှာ ကြောက်သလို၊ နောက်တစ်ခုက ထောင်ထဲကလူတွေကို သူတို့လိုအပ်ရင် လိုအပ်သလို သုံးလို့ရအောင်လို့ လုပ်တာလည်းဖြစ်နိုင်တယ်။ တစ်ဖက်မှာလည်း စစ်တွေမြို့က ဒေသခံတွေကို အလုံးအရင်းဖမ်းပြီး ထောင်ချမှာဖြစ်လို့ အဟောင်းလူတွေ ပြောင်းတာလည်းဖြစ်နိုင်တယ်။ စစ်ကောင်စီရဲ့လုပ်ရပ်ကိုတော့ ခန့်မှန်းရခက်တယ်” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

စစ်တွေမြို့တွင် စစ်ကောင်စီက ဒေသခံများကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးထောင်ချမှုများ လုပ်ဆောင်နေ၍ အကျဉ်းထောင်အတွင်း လူမဆံ့တော့၍ အဆောင်သစ်တိုးချဲ့မှုများနှင့် ရန်ကုန်သို့ ပြောင်းရွှေ့မှုများ ရှိနေသည်။  

ပြီးခဲ့သည့် ဇွန်လကလည်း စစ်တွေထောင်မှ အကျဉ်းသား ၁၀၀ ခန့်ကို ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်သို့ ပြောင်း‌ရွှေ့ခဲ့သည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...